အီရတ်ရှိ အမေရိကန် သံရုံး ဒုံးကျည်တိုက်ခိုက်ခံရခြင်းကို အီရန်အပေါ် ထရမ့် အပြစ်တင်

By The Denver
24 December 2020
အီရတ်ရှိ အမေရိကန် သံရုံး ဒုံးကျည်တိုက်ခိုက်ခံရခြင်းကို အီရန်အပေါ် ထရမ့် အပြစ်တင်

ဒီဇင်ဘာ ၂၄

အီရတ်နိုင်ငံ ဘဂ္ဂဒက်ရှိ အမေရိကန် သံရုံးကို ချိန်ရွယ်ထားခဲ့သည့် ဒုံးကျည်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် တွစ်တာ၌ ဖော်ပြခဲ့ပြီး အီရန်က ထို ဒုံးကျည်များ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အပြစ်ဆိုသည်။

အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုသည် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သံရုံးတာဝန်ရှိသူများက အတည်ပြုသည်။ ဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ရာတွင် မအောင်မမြင်ဖြစ်ခဲ့သည်ဟု ထရမ့်က ပြောသည်။

သံရုံးဝင်းတွင် အသေးစားထိခိုက်ပျက်စီးမှု ဖြစ်ခဲ့သော်လည်း ဒဏ်ရာရသူ မရှိကြောင်း သံရုံးက ဆိုသည်။ သံရုံးဝန်းကျင်က လူနေရပ်ကွက်တွင် ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရမှုများ ရှိသည်ဟု အမေရိကန်သံရုံးက ပြောသည်။

“သံတမန်အဆောက်အအုံအား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး အီရတ်အစိုးရ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးစော်ကားခြင်း ဖြစ်ကြောင်း။” ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးက တွစ်တာတွင် ရေးသားသည်။

“အီရန်ဆီ ကောင်းကောင်းမွန်မွန် အကြံအချို့ပေးချင်တာက အမေရိကန် တစ်ဦးဦး သေဆုံးခဲ့ရင် အီရန်ကို လက်တုံ့ပြန်သွားမှာ ဖြစ်တယ်။ စဉ်းစားနေတော့မှာ မဟုတ်ဘူး။”ဟု ထရမ့်က ဗုဒ္ဓဟူးနေ့တွင် တွစ်တာ၌ ရေးသားသည်။

ဩဇာကြီးသော အီရန်စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာမီအား အမေရိကန်၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရပြီးနောက် အီရန်နှင့် အမေရိကန်ကြား တင်းမာမှုများ မြင့်တက်နေသည်။ အီရန်က လက်တုံ့ပြန်ပြီး အမေရိကန် တပ်ဖွဲ့များ အခြေစိုက်ရာ အီရန်ရှိ လေတပ်စခန်းနှစ်ခုကို ဒုံးကျည်ဒါဇင်ကျော် ပစ်လွှတ်ခဲ့သည်ဟု ပင်တဂွန်က ပြောသည်။ လက်ရှိအချိန်၌ နှစ်နိုင်ငံကြားက တင်းမာမှုကို အရှိန်မြင့်အောင် ကြိုးစားခြင်း မရှိဟု အီရန်ဖက်က ပြောဆိုသည်။

“အီရန်အနေနဲ့ နိုင်ငံသားတွေနဲ့ အကြီးတန်းတာဝန်ရှိသူတွေကို တိုက်ခိုက်နေတဲ့ သရဲဘောကြောင်တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်အခြေစိုက်တွေကိုပဲ ကုလသမဂ္ဂ ပဋိညာစာတမ်း ပုဒ်မ ၅၁ အရ ကိုယ်ပိုင်ကာကွယ်ရေးအတွက် သင့်တော်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေ ဆောင်ရွက်နေတာပဲ ဖြစ်တယ်။”ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က ဇန်နဝါရီလအတွင်းမှာ ပြောသည်။ “တင်းမာမှု အရှိန်မြင့်တာ၊ စစ်ဖြစ်တာမျိုးတွေကို ကျွန်တော်တို့ မကြိုးပမ်းနေဘူး။ ဒါပေမယ့် ဘယ်လို ရန်လိုတာမျိုးကို ကိုယ်ကိုကို ကာကွယ်နေတာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly