ကိုဗစ်ညွှန်ကြားချက် ချိုးဖောက်ပြီး ကယားပြည်နယ်သို့ ခိုးဝင်သူ ၂ ဦးကို အရေးယူမည် 

ကိုဗစ်ညွှန်ကြားချက် ချိုးဖောက်ပြီး ကယားပြည်နယ်သို့ ခိုးဝင်သူ ၂ ဦးကို အရေးယူမည် 
ဓာတ်ပုံ - ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်း/Facebook

ဒီဇင်ဘာ ၂၄

ကယားပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ခိုးဝင်လာသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက မဇ္ဈိမကို ပြောသည်။  

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ ပီကင်းကောခူ နယ်စပ်မှ ခိုးဝင်လာကြခြင်းဖြစ်ပြီး ကွာရန်တင်း ဝင်ရန် ရွှေလွိုင်ကော် ပရဟိတကားဖြင့် လွိုင်ကော်မြို့၊ နမ်းကွတ်ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်သို့ သွားရောက်ခေါ်ယူခဲ့ရာတွင် ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ 

“ပီကင်းကောခူ နယ်စပ်ဂိတ်ကနေ ခိုးဝင်လာတာပေါ့ဗျာ၊ သတင်းလည်း မပို့ဘူး၊ ပြန်ဆဲတယ်ဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ ကျွန်တော်တို့က ဒါမျိုးဆို လက်မခံဘူး။ ရွှေလွိုင်ကော် ပရဟိတအဖွဲ့ကိုလည်း ပြောထားပြီသား၊ အရေးယူမှာ” ဟု ဦးရန်နိုင်ဝင်းက ပြောသည်။ 

ခိုးဝင်လာသူ နှစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မှ လာရောက်သူများ ဖြစ်ပြီး လွိုင်ကော်မြို့ ပညာရေးကောလိပ် ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားကာ အရေးယူမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

“အရေးယူမှုကတော့ ကျွန်တော်တို့ ချက်ချင်း တစ်ချက်တည်း ချလို့မရဘူး၊ သူမှာ ပိုးပါလာတယ်ဆိုရင် ဒုက္ခရောက်ကုန်မှာစိုးလို့။ တရားစွဲရမယ်၊ ဥပဒေအကြံ တောင်းရမယ်။ ပြီးတော့ သက်သေ အထောက်အထားနဲ့ တရားရုံးကို ဦးတိုက်လျှောက်ရမယ်။ ကျွန်တော်တို့ဆီက တာဝန်ပေးတဲ့ တစ်ယောက်က ပြီးမှ လုပ်ရမှာ ဖြစ်တယ်” ဟု ဦးရန်နိုင်ဝင်းက ရှင်းပြသည်။ 

ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်အတွင်းရှိ ရွာနီးစပ်ကျေးရွာများသို့ အရောင်းအဝယ်ကိစ္စ၊ ဘာသာရေးကိစ္စ နယ်စပ်ဖြတ်ကျော် သွားလာမှုများ ရှိနေပြီး ထိန်းချုပ် တင်းကျပ်ရန် အားနည်းကြောင်းလည်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ 

ဦးရန်နိုင်ဝင်းက “ပွင့်ပွင့်လင်းလင်း ပြောရင် ဂိတ်မှာ ဘာမှ သတင်းပေး ထားတာ၊ ဘာညာ မရှိတော့ ကျွန်တော်တို့က ဒါကို ပြန်လိုက်ဖို့ အခက်အခဲရှိတယ်။ ကျွန်တော့မှာလည်း သတင်းပေးလေးတွေ ရှိတယ်။ အဲဒါလေးတွေကို ပြန်လိုက်ပေးနေတယ်” ဟု ဆိုသည်။ 

နိုင်ငံတော်အစိုးရက ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကန့်သတ်တားမြစ်မှုများကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ စတင် ထုတ်ပြန်ကြေညာပြီးနောက် ချိုးဖောက်သူများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူမှုများ ရှိခဲ့သည်။ 

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ရှိ ကွာရန်တင်း စင်တာတွင် လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ကျန်းမားရေး ဝန်ထမ်းများကို ရန်ပြုပြီး ထွက်ပြေးရန် ကြိုးစားသူတစ်ဦးကိုလည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly