နယ်မြေအတွင်းသို့ တရုတ်သင်္ဘောများ ပိုဝင်ရောက်လာသည်နှင့် ဂျပန်သည် စင်ခါခုကျွန်း ကင်းလှည့်မှုများအား တိုးမြှင့်ရန်ရှိ

By Nikkei Asia
24 December 2020
နယ်မြေအတွင်းသို့ တရုတ်သင်္ဘောများ ပိုဝင်ရောက်လာသည်နှင့် ဂျပန်သည် စင်ခါခုကျွန်း ကင်းလှည့်မှုများအား တိုးမြှင့်ရန်ရှိ

ဒီဇင်ဘာ ၂၄

ယခုနှစ်အတွင်း စင်ခါခုကျွန်းများအနီး ရေပြင်အား ဖြတ်သန်းလာသော တရုတ်သင်္ဘောများ အရေအတွက် တိုးများလာသည်ကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်သည် ၂၀၂၃ ဧပြီလမတိုင်ခင်တွင် ထိုရေပြင်အနီး အကြီးစား ကမ်းခြေစောင့်ကင်းလှည့်ယာဉ် အစုအား တစ်ဝက်နီးပါး ပိုမိုတိုးချဲ့လာလိမ့်မည်။

တိုကျိုသည် အရှေ့တရုတ်ပင်လယ် ကွင်းဆက်တွင် တန် ၁၀၀၀ သို့မဟုတ် ပိုကြီးသော သင်္ဘော ၂၂စီးအား ထားရှိရန် ရည်ရွယ်သည်။

လက်ရှိတွင် စင်ခါခုအား ကင်းလှည့်ရန် သင်္ဘော ၁၂ စီးအား ထားရှိပြီး နောက်ထပ် သုံးစီးအား မြောက်ကိုရီးယားငါးဖမ်းလှေများ၏ တရားမဝင်လုပ်ဆောင်မှုများအား စောင့်ကြည့်ခြင်း စသည့် အခြား ရည်ရွယ်ချက်များကြောင့် ဒေသအတွင်း ထားရှိသည်။

ယခုနှစ်အတွင် တရုတ်၏ ဝင်ရောက်မှုများ ယခင်နှင့်မတူ မြင့်တက်လာသည်ကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်သည် ထိုဒေသတွင် လုံခြုံရေးနှင့် စောင့်ကြည့်ရေး တိုးမြှင့်ရန် လုပ်ဆောင်နေသည်။ စင်ခါခုများအား တိုကျိုမှ အုပ်ချုပ်လျက်ရှကာ နိုင်ငံ၏ ပိုင်နက်တွင် အပြည့်အဝပိုင်ဆိုင်သည်ဟု ယူဆထားသော်လည်း တရုတ်ကလည်း Diaoyu အဖြစ် တောင်းဆိုခဲ့သည်။

ယခုနှစ် တနင်္လာနေ့အထိ တရုတ်အစိုးရ သင်္ဘောပေါင်း ၁၁၃၅စီးခန့်သည် စင်ခါခုအနီး ရေပြင်သို့ ဝင်ရောက်ခဲ့ကာ ပြီးခဲ့သော နှစ်က စံချိန်အား ကျော်လွန်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဂျပန်ကမ်းခြေစောင့်အဖွဲ့ စတင်မှတ်တမ်းတင်ခဲ့သည့်အချိန်မှစ၍ ပထမဆုံးအချိန် ၁၀၀၀ ကျော်ခဲ့ခြင်း ဖြစ်သည်။ အချို့သော တရုတ်သင်္ဘောများသည် ကျွန်းပိုင်နက်ရေပြင်များသို့ ဝင်ရောက်နေကာ ဂျပန်ငါးဖမ်းလှေများအား အန္တရာယ်ဖြစ်လာစေနေသည်။

ပေကျင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုနှင့် အမေရိကန် သမ္မတရွေးကောက်ပွဲမှ ဖြစ်လာသော ပထဝီနိုင်ငံရေးဆိုင်ရာ အင်အားကြောင့် ပိုမိုရဲတင်းလာခြင်းဖြစ်သည်ဟု အချို့သော လေ့လာစောင့်ကြည့်သူများက ယူဆသည်။

စင်ခါခုအနီးအပါအဝင် ပိုင်နက်ရေပြင်များတွင် လုံခြုံရေးမြှင့်တင်ရန်အတွက် ဧပြီလတွင် စတင်သော ဂျပန်၏ ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျတ်မူကြမ်းမှာ ယန်း ၂၁.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀၅ သန်း) ဖြစ်သည်။ ထိုငွေများအား ကင်းလှည့်လှေအသစ်များတည်ဆောက်ရန်နှင့် ရဟတ်ယာဉ် ဝယ်ယူရန် အသုံးပြုမည်ဖြစ်သည်။
သင်္ဘောများနိုင်သမျှ များစွာ လည်ပတ်နိုင်စေရန် ကမ်းခြေစောင့်တပ်ဖွဲ့သည် သင်္ဘာသုံးစီးတိုင်းအတွက် သင်္ဘောသား လေးဦးထားရှိကာ နားနေရန် လိုအပ်သဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဒေသအတွင်း တရုတ်စစ်ရေးလုပ်ဆောင်မှုများကြောင့် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် စင်ခါခုအနီးတွင် ကမ်းခြေစောင့်အဖွဲ့နှင့်အတူ ကင်းလှည့်လေယာဉ် ပျံသန်းခြင်းနှင့် သတင်းအချက်အလက် မျှဝေခြင်းများအပါအဝင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဇွန်လအတွင်းတွင် တရုတ်ရေငုပ်သင်္ဘောဟု ယူဆရသော သင်္ဘောတစ်စီးအား အိုကီနာဝါမြောက်ပိုင်း Amami-Oshima ကျွန်းအနီးတွင် တွေ့ရှိခဲ့သည်။

ထိုအရေးသည် တိုကျိုအတွက် အမျိုးသားလုံခြုံရေး စိုးရိမ်ဖွယ် ဖြစ်လာသည်။ ပြီးခဲ့သောလတွင် ပေကျင်းသည် ကမ်းခြေစောင့်တပ်ဖွဲ့ယာဉ်များအား ၎င်း၏ရေပိုင်နက်အတွင်း တရားမဝင် လှုပ်ရှားမှု ပြုလုပ်နေသော နိုင်ငံခြား သင်္ဘောများအား လက်နက်အသုံးပြုတိုက်ခိုက်ရန် ခွင့်ပြုမည့် ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့သည်။ တရုတ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည်ဟု ယူဆသော နိုင်ငံခြားသင်္ဘောများအား ထိန်းသိမ်းခြင်းနှင့် သိမ်းယူခြင်းစသော အခြားအစီအမံများကိုလည်း လုပ်ဆောင်နိုင်သည်။

မတ်လအကုန်တွင် ဂျပန်ကမ်းခြေစာင့်တပ်ဖွဲ့တွင် တန် ၁၀၀၀ သို့မဟုတ် ထိုထက်လေးသော ယာဉ်ပေါင်း ၆၆ စီးရှိခဲ့ပြီး ၎င်းသည် ၂၀၁၉ ဒီဇင်ဘာအထိ လည်ပတ်ခဲ့သော တရုတ်ဘက်မှ ၁၃၀ စီး၏ တစ်ဝက်မျှသာ ဖြစ်သည်။ တိုကျိုသည် ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၎င်း၏ ကင်းလှည့်ယာဉ်အစုကို ၇၇ထိ မြှင့်တင်ရန် လုပ်ဆောင်နေသည်။

တရုတ်သည် သံတမန်ရေးအရလည်း မိမိုကိုယ်ကိုယုံကြည်ခြင်းသည် ပိုမိုပြင်းထန်လာသည်။ ပြီးခဲ့သောလအတွင်း ဂျပန်သို့ သွားရောက်ခဲ့စဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ကျွန်းများအား တောင်းဆိုခြင်းနှင့် ဒေသအတွင်း ၎င်း၏ လုပ်ဆောင်ချက်များအား မှန်ကန်ကြောင်းသက်သေပြရန် လုပ်ဆောင်ခဲ့သည်။

“တစ်ကယ်တော့ မကြာသေးမီက ဘယ်ကမှန်းမသိတဲ့ ဂျပန်ငါးဖမ်းလှေတွေက Diaoyu ကျွန်း ရေပြင်ကို ခဏခဏ ဝင်ရောက်လာတယ်။ အဲဒါကြောင့် တရုတ်က လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ရတာ”ဟု သူက ဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ဝမ်၏ ပြောဆိုချက်သည် “စင်ခါခုကျွန်းများနှင့် ပတ်သတ်ပြီး တရုတ်ရဲ့ ရပ်တည်ချက်အပေါ်မူတည်တာဖြစ်ပြီး လုံးဝလက်ခံနိုင်စရာမရှိကြောင်း” ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး Nobuo Kishi သည်လည်း တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe နှင့် ပြီးခဲ့သောအပတ်က ပြုလုပ်သော ဗီဒီယိုကွန်းဖရင့်တွင် ထိုအရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်ကြောင်း ပြောကြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly