စစ်ပွဲများသည် ပြဿနာကို ဖြေရှင်းပေးနိုင်သည့် မှန်ကန်သော နည်းလမ်းမဟုတ်ပါ

စစ်ပွဲများသည် ပြဿနာကို ဖြေရှင်းပေးနိုင်သည့် မှန်ကန်သော နည်းလမ်းမဟုတ်ပါ

အခုရက်ပိုင်းအတွင်း ရှမ်းပြည်ဘက်တွင် သေနတ်သံများ ဆူညံစွာ ကြားလာကြရပါသည်။ စစ်ဖြစ်ပြီဆိုလျင် စစ်ပွဲများရဲ့ ဖွားဖက်တော်ဖြစ်တဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ သတင်းကလည်း သတင်းစာ မျက်နှာများပေါ်တွင် စစ်ပွဲသတင်းများနှင့် ရင်ဘောင်တန်းက မြင်ကြရ ဖတ်ကြရပါသည်။ စိတ်နှလုံး မချမ်းမြေ့ဖွယ် သတင်းများ မြင်ကွင်းများ ဖြစ်ပါသည်။

စစ်ပွဲရယ်လို့ ဖြစ်လာပြီဆိုလျင် ပထမဆုံး ကျဆုံးသွားသောအရာမှာ အမှန်တရားပင်ဖြစ်သည် ဟု ဆိုကြပါသည်။ ထို့ကြောင့်လည်း စစ်ဖြစ်ပြီဆိုလျင် မှန်သည်မှားသည် သင့်၏ မသင့်၏ ချိန်ထိုးစဉ်း စားဖို့ရာ အခြေအနေမပေး၊ ဦးသူက အသက်ရှင်ကျန်ရစ်ကာ နောက်ကျသူက ဘဝပေးကြရမည် ဖြစ်သဖြင့် ကိုယ်အသက်ရှင်ရေး အတွက်မှလွဲပြီး ကျန်အကြောင်းအရာများကို စဉ်းစားရွေးချယ် နိုင်ကြ မည်လည်း မဟုတ်ပါ။ စဉ်းစားရွေးချယ်နေရန်မှာလည်း သဘာဝမကျပါ။ ထို့ကြောင့်ပင်လျင် စစ်ပွဲရယ် လို့ ဖြစ်လာပြီဆိုလျင် ပထမဆုံး ကျဆုံးသွားသောအရာမှာ အမှန်တရားသာ ဖြစ်သည်ဟုပြော ဆိုခြင်းဖြစ်သည်။

စစ်ပွဲတွေ ဖြစ်လာသောအခါ စစ်ပွဲများရဲ့ ဖွားဖက်တော် စစ်ဘေးရှောင် ဒုက္ခသည်များရဲ့ သတင်းများ မြင်ကွင်းများကို မိမိတို့ ကြားကြရ မြင်ကြရတော့သည်။ ကြေကွဲဖို့ ကောင်းသည်မှာ စစ်ဘေးရှောင် ဒုက္ခသည်များမှာ စစ်ပွဲနှင့် လုံးဝမသက်ဆိုင်သည့် အရပ်သားများသာ ဖြစ်နေပြန်သည်။ ကလေးငယ်များ၊ အသက်အရွယ် ကြီးရင့်ကြသူများနှင့် အမျိုးသမီးများသာ ဖြစ်နေသည်။

ယခုဖြစ်လာသည့် စစ်ပွဲများမှာ နယ်မြေသတ်မှတ်မှုအပေါ် အငြင်းပွားရာက ဖြစ်ပွားသည့် စစ်ပွဲ များ ဖြစ်သည်ဟုလည်း နှစ်ဘက်တက်လာသော သတင်းများအရ သိရပြန်သည်။ ထိုအခါ မေးခွန်း ထုတ်စရာရှိသည်မှာ သည်လို သည်လောက် ပြဿနာအမျိုးအစားကို ပြေလည်အောင် ဖြေရှင်းရာ၌ စစ်ပွဲဖြင့် မဖြေရှင်းပဲ အခြားတွေ့ဆုံ စကားပြော ညှိနှိုင်းသည့်နည်း မရှိတော့ပြီလောဟု မေးရမလို ဖြစ်လာပါသည်။

အမှန်တကယ်အားဖြင့်ဆိုလျင် စစ်ဖြစ်လိုက်ခြင်းအားဖြင့် ယင်းနယ်မြေ အငြင်းပွားမှု ပြဿနာက ပြေလည်သွား ပြီးပြတ်သွားလိမ့်မည်ဟူသည့် ယူဆချက်မျိုး ရှိနေသည်ဆိုလျင်တော့ ယင်းအယူအဆမှာ တစ်ခုခု ချို့ယွင်းနေသည့် အယူအဆ ဖြစ်သည်ဟု ပြောရပါလိမ့်မည်။

ပြဿနာများကို စစ်ပွဲဖြင့် ဖြေရှင်းသည့်အတွက် ပြဿနာဟူသမျှ အပြီးအပြတ် ပြေလည် သွားခဲ့သည်ဟူသည့် ဥပမာပေးလို့ရသည့် အဖြစ်အမျိုးသည်လည်း ကမ္ဘာ့သမိုင်းတွင် မရှိခဲ့ဖူးသေးပါ။ စစ်ပွဲများသည် ပြဿနာများကို မချုပ်ငြိမ်းစေဘဲ နောက်ထပ် ပြဿနာများကိုသာ မွေးထုတ်ပေးသည့် ဖြေရှင်းနည်းသာ ဖြစ်သည်။ ပို၍ဆိုးသည်မှာ နဂိုလ် စစ်မဖြစ်ခင်က ရှိနေကောင်း ရှိနေခဲ့သည့် မယုံသ င်္ကာဖြစ်မှု၊ မုန်းတီးမှုများကို ပိုမို ဖြစ်ထွန်းစေသည်သာ ဖြစ်သည်။ စစ်ပွဲကြောင့်ဖြင့် မယုံသင်္ကာဖြစ်မှုနှင့် မုန်းတီးမှုတို့ လျှော့နည်း ပပျောက်သွားခဲ့သည်ဟူသည့် သမိုင်း အဖြစ်အပျက်မျိုး သည်လည်း ဘယ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။

သို့နှင့်တိုင် ဘာ့ကြောင့် စစ်တိုက်နေကြသနည်း။ ဘာ့ကြောင့် စစ်တိုက်သည့်နည်းဖြင့် ပြဿ နာများကို ဖြေရှင်းနေကြသနည်း။ စစ်ဖြစ်လျင် နှစ်ဘက်စလုံး ရှုံးသည်သာ ဖြစ်သည်ဆိုသည်ကို မစဉ်းနိုင် မစဉ်းစား တတ်နိုင်ကြပြီလော။

မိမိတို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အပြန်အလှန် အသိအမှတ်ပြုရေး၊ အပြန်အ လှန် လေးစားရေးဆိုသည့် အခြင်းအရာတို့သည် စစ်ပွဲများကြောင့် ပိုမို ဆိုးရွားသည့် အခြေအနေသို့ တွန်းပို့လိုသလိုသာ ဖြစ်စေသည်ကို တိကျရှင်းလင်းစွာ မြင်တတ်ရပါမည်။ အထူးသဖြင့် တိုင်းပြည် တာဝန်ရှိသူများက ပိုပြီး တွေးနိုင် လက်ခံနိုင်ရပါမည်။

မည်သို့ပင်ဖြစ်စေ ယခုအခါ ရှမ်းပြည်တွင် သေနတ်သံများ ပြန်လည်ကြားလာရခြင်းအတွက် မိမိတို့အနေဖြင့် စိတ် မချမ်းမြေ့နိုင်ပါ။ စစ်ပွဲများသည် ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းနိုင်သည့် နည်းလမ်း မဟုတ်ဘူးဆိုကို ထပ်လောင်း ပြောချင်ပါသည်။ အထူးသဖြင့် ယဉ်ကျေးသည့် လူမျိုးတ မျိုးနှင့် စစ်ပွဲများသည် အနှစ်သာရအားဖြင့် ဒွန်တွဲနေနိုင်ရိုး ထုံးစံမရှိပါ။ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံး ရပ်စဲရေးအတွက် ပြည်သူအများ ဝိုင်းဝန်း ကူညီဖြေရှင်းကြဖို့ လေးစားစွာ တိုက်တွန်း ဆော်သြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags