Fever Clinic များသို့ လာရောက်သည့် လူနာအရေအတွက် သိသိသာသာနည်းလာ ဟုဆို

Fever Clinic များသို့ လာရောက်သည့် လူနာအရေအတွက် သိသိသာသာနည်းလာ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် လူထုအခြေပြုဖျားနာကုသမှုဆေးခန်း (Fever Clinic) များတွင် လာရောက်ပြသသည့် လူနာအရေအတွက် သိသိသာသာနည်းပါးလာကြောင်း အဆိုပါဆေးခန်းများ၏ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဖျားနာကုသမှုဆေးခန်းတစ်ခုတွင် တစ်ရက်လျှင် လူနာဦးရေ ၈ဝ ခန့် အထိရှိခဲ့ရာမှ ဒီဇင်ဘာလအတွင်း လာရောက်ပြသသူ လူနာဦးရေမှာ တစ်ရက်လျှင် ၂၀ ဦးအောက်အထိ ကျဆင်းလာကြောင်း သိရသည်။

“Fever Clinic တွေအားလုံးမှာ လူနာနည်းလာတာပေါ့နော်။ အင်းစိန်တို့၊ ရွှေပြည်သာတို့၊ လှိုင်သာယာတို့ဆိုရင် လူနာတော်တော်များများလာပြတဲ့ မြို့နယ်တွေပေါ့။ အယောက် ၁ဝဝ အနည်းဆုံးအောက်ထစ်ရှိတယ်။ ၁ဝဝနဲ့ ၈ဝ ကြားပေါ့။ အဲ့ဒီမြို့နယ်တွေတောင် လူနာအယောက် ၃ဝ ဝန်းကျင်လောက်ပဲဖြစ်သွားတယ်။ ဒီရက်ပိုင်းအတွင်း သိသိသာသာလျော့လာတယ်” ဟု ၎င်းက ပြောသည်။

လူနာအရေအတွက် သိသိသာသာကျဆင်းလာရခြင်းမှာ ရာသီတုပ်ကွေးကာလမဟုတ်သည့်အတွက် ရာသီတုပ်ကွေးလူနာလာရောက်မှု မရှိတော့ခြင်း၊ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာခြင်းကြောင့် ဖြစ်နိုင်ပြီး အချို့လူနာများမှာ ကိုဗစ်ရှိ၊ မရှိ ကို ဆေးရုံဆေးခန်းများသို့ လာမပြဘဲ မိမိသဘောဖြင့် ကုသနေခြင်းမျိုး လည်းဖြစ်နိုင်ကြောင်း  ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ပြည်သူ့ဆေးရုံကြီးများတွင် လာရောက်ပြသသူအများစုမှာ ရောဂါလက္ခဏာပြင်းထန်သူများသာ ဖြစ်နေသည့်အတွက် ရောဂါမပြင်းထန်သူများမှာ ဆေးရုံဆေးခန်းများသို့ လာရောက်ပြသမှု နည်းလာခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ပိုးတွေ့နှုန်းကျဆင်း လာခြင်းမှာ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးမှုများပိုမိုလုပ်ဆောင်လာသည့်အတွက် ပြည်သူလူထုစည်းကမ်းလိုက်နာလာသဖြင့် ပိုးတွေ့လူနာအရေအတွက်ကျဆင်းလာခြင်းဖြစ်နိုင်သကဲ့သို့ ဆေးရုံများ၊ ဖျားနာကုသမှုဆေးခန်းများတွင် လာရောက်ပြသမှုနည်းလာသည့်အတွက်လည်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

“တစ်ချို့ကျတော့ အိမ်မှာနေပြီးတော့ Swab မယူဘဲ ဆေးပဲသောက်နေတဲ့ လူနာတွေလည်း ရှိလာကြတယ်။ အဲ့တာကြောင့် နောက်ပိုင်း Fever Clinic တွေမှာ လူနာနည်းလာတယ်။ ပြီးတော့ MOHS က ထုတ်ပြန်တဲ့ ကူးစက်ဖြစ်ပွားသူနည်းလာတယ်ပေါ့နော်။ Fever Clinic မှာတောင် နှာခေါင်းတို့ပတ် မယူချင်ကြဘူး။ ကျွန်တော့် အမြင်က အနည်းဆုံးရောဂါလက္ခဏာပြပြချင်းနှာခေါင်းတို့ပတ်ယူသင့်တယ် စစ်မှ တိတိကျကျအဖြေထွက်လာမှ ကိုဗစ်ဟုတ်၊ မဟုတ် ပြတ်ပြတ်သားသားသိလာမယ်။ ဒါမှ ဆောင်ရန်၊ ရှောင်ရန် ဆက်လုပ်ရမှာပေါ့” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

လူထုအခြေပြုဖျားနာကုသမှုဆေးခန်း (Fever Clinic) များတွင် ကိုဗစ်အပါအဝင် ဖျားနာရောဂါများ အတွက်  အခမဲ့ကုသပေးနေခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြစ်လာသူများကို ရောဂါရှိ၊ မရှိ စစ်ဆေးမှုများပါ ပြုလုပ်ပေးလျှက်ရှိသည်။

 ရန်ကုန်တိုင်းဒေသကြီးတွင် လူထုအခြေပြုဖျားနာကုသမှုဆေးခန်း (Fever Clinic) ၂၇ ခုဖွင့်လှစ်ထားပြီး တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required