မဟာချိုင်ဈေးဝင်းအတွင်း မြန်မာလုပ်သားများကို စုပြုံထားသဖြင့် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်နေကြ

မဟာချိုင်ဈေးဝင်းအတွင်း မြန်မာလုပ်သားများကို စုပြုံထားသဖြင့် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်နေကြ
Photo - AFP

ဒီဇင်ဘာ ၂၃ရက်  

ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ပြည်နယ်၊ မဟာချိုင်ရှိ ပင်လယ်စာဈေးဝင်းအတွင်း မြန်မာအလုပ်သမား ၅၀၀၀ ကျော်ခန့် အားအသွားအလာကန့်သတ်ထားသဖြင့် ကိုဗစ်ကူးစက်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း မဟာချိုင်အခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး (AAC) မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။  

အဆိုပါဈေးဝင်းအတွင်း အလုပ်သမားများနေထိုင်သည့် အဆောင်တွင် အခန်းပေါင်း ၁၅၀၀ ခန့်သာရှိပြီး အချို့အခန်းများတွင် လူ ငါးဦးခန့်စုပေါင်းနေထိုင်နေရကြောင်းသိရသည်။

“တကယ်လိုအပ်နေတာ တကယ်ခက်ခဲနေတာကတော့ Positive မိတဲ့သူနဲ့ Positive မမိဘူးလား ရောဂါပိုးကိုစောင့်ကြည့်တဲ့လူလားဆိုတာ ကွဲကွဲပြားပြားမသိဘဲနဲ့ လူပေါင်း ၅၀၀၀ ကျော်ကို ဒီဝင်းကြီးထဲမှာ Lockdown ချထားတဲ့အခါကျတော့ အလုပ်သမားတွေ စိုးရိမ်ပူပန်မှုတွေရှိနေတယ်။ သူတို့က ရောဂါပိုးရှိလို့ထားတာလား။ ဒါမှမဟုတ်ရင် အပြင်ကို ထွက်မှာကြောက်လို့ ထားတာလားဆိုတာကို ထိုင်းဘက်က တိတိကျကျ သတင်းထုတ်ပြန်တာတွေမတွေ့ရဘူး။ တကယ်လည်း ရောဂါပိုးရှိတဲ့သူက ဒီမှာရှိနေလားဆိုတာ မသိရတဲ့အတွက် တော်တော်အခက်အခဲဖြစ်နေတာ” ဟု ဦးခိုင်ကြီးက ပြောသည်။  

‌အဆိုပါနေရာရှိ အလုပ်သမားများအား ကိုဗစ် ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်သော်လည်း ယနေ့အထိ စစ်ဆေးချက်အဖြေကို ထုတ်ပြန်ခြင်းမရှိသေးသဖြင့် စိုးရိမ်မှုများရှိနေကြောင်း ထိုဈေးဝင်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားတစ်ဦးကပြောသည်။  

ထို့အပြင် ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကူးစက်ခံထားရသူများ စာရင်းကိုသာ ထုတ်ပြန် ထားပြီး ကူးစက်ခံထားရသူများကို မည်သည့်နေရာတွင် ထားရှိသည်ကို ထုတ်ပြန်ပေးခြင်းမရှိကြောင်း သိရသည်။  

လက်ရှိတွင် ဈေးဝန်းအတွင်းပိတ်မိနေသည့် အလုပ်သမားများအတွက် အလှူရှင်များမှ စားနပ်ရိက္ခာများ လှူဒါန်းမှုများရှိသော်လည်း လူဦးရေ ၅၀၀၀ ကျော်အတွက် လောက်ငမှုမရှိကြောင်းလည်း သိရသည်။  

 “ဒီဝင်းထဲမှာရှိနေတဲ့  လူတွေက Q ဝင်ပြီးတော့ စောင့်ကြည့်နေရတာလား။ ဒါမှမဟုတ်ရင် positive တွေဖြစ်လို့ စောင့်နေရတာလားဆိုတာကို အဲ့အဖြေတော့ လိုချင်တယ်။ အခုက Negative လားမသိ၊ Positive လားမသိ အဲ့အတွက်သောကတွေရောက်နေရတဲ့အတွက် မြန်မာသံရုံးကနေပြီးတော့ စနစ်တကျလေးနဲ့ ဒါလေးကို သတင်းထုတ်ပြန်တာလေးတွေ လုပ်ပေးဖို့ သူတို့က တောင်းဆိုတယ်”ဟု ဦးခိုင်ကြီးက ပြောသည်။  

လက်ရှိတွင် ကိုဗစ်-၁၉ကူးစက်မှုဖြစ်ပွားနေသည့် အဆိုပါဈေးနှင့် အနီးဝန်းကျင် အား တင်းကျပ်သည့် lockdown တစ်ရပ်နှင့် ကာဖျူးအမိန့်တို့ကို ထိုင်းအစိုးရကဇန်နဝါရီလ အစောပိုင်းအထိ ချမှတ်ထားသည်။  

ဒီဇင်ဘာ ၂၂ရက်နေ့အထိ မဟာချိုင်ဒေသတွင် ရောဂါပိုးတွေ့ရှိသူ ၁၀၀၀ ကျော်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအနက် ၉၀ရာခိုင်နှုန်းခန့်မှာ မြန်မာအလုပ်သမားများ ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

မဟာချိုင်ဒေသတွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ လေးသိန်းနီးပါးရှိ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required