ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေးအပေါ်  ရခိုင်ပါတီများ သဘောထားအမြင်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေးအပေါ်  ရခိုင်ပါတီများ သဘောထားအမြင်
ဓာတ်ပုံ- ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး

ဒီဇင်ဘာ ၂၃၊ ၂၀၂၀

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းများ၏ ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဖြစ်သကဲ့သို့ အစိုးရဖွဲ့စည်းရာတွင်လည်း တိုင်းရင်းသားပါတီများက တင်ပြလာသူများကို ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောထားသည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ်နေရာအတွက် ရခိုင်ပါတီများက တောင်းဆိုလာနိုင်ဖွယ် ရှိသလို လူမျိုးရေး၊ ဘာသာရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခကိစ္စရပ်များကို ဒေသတွင်း ပါတီများကသာ ပိုမိုကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုသူများလည်း ရှိနေသည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ နိုင်ငံရေးမှုဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဒေသခံအနိုင်ရပါတီကို ဝန်ကြီးချုပ် ခန့်အပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုရေး၊ ဘာသာရေး ဖွံ့ဖြိုးတိုးတက်ရေးများနှင် ဒေသတွင်း မတည်ငြိမ်မှုများကို အများဆုံး ဖြေရှင်းပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ကျွန်တော်တို့အမြင်က ဒေသခံ အနိုင်ရပါတီက ခန့်အပ်လိုက်ခြင်းအားဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ ဘယ်အကြောင်းအရာ မဆိုပေါ့၊ ဘယ်ပြဿနာကိုမဆို တတ်ကျွမ်းနားလည်တဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်။ ဥပမာ ဘင်္ဂါလီအရေးအခင်း၊ ဒီနှစ်ဖြစ်နေတဲ့ ရခိုင့်တပ်တော်နဲ့ မြန်မာတပ်မတော်တို့ရဲ့ တိုက်ပွဲအခြေအနေတွေ၊ ဒီလိုပြဿနာတွေရော၊ စီးပွားရေး၊ လူမှုရေး မဖွံ့ဖြိုး၊ မတိုးတက်မှုတွေ၊ အဘက်ဘက်က လိုအပ်နေတာတွေကို ရခိုင်ပြည်သူတစ်ယောက်ရဲ့ ခံစားချက်နဲ့ပဲ လုပ်နိုင်မယ်။ အဲဒါကြောင့် အခြေခံလိုအပ်ချက်က ဒါပါပဲ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်မည့် အခြေအနေများကို အနိုင်ရ ဒေသခံတိုင်းရင်းသား ပါတီများနှင့် ညှိုနှိုင်းပြီး လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် နေရာအများစု အနိုင်ရရှိခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်နယ်အစိုးရ ဖွဲ့စည်းရေး မရခဲ့သလို ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ခန့်အပ်နိုင်ခြင်း မရှိခဲ့ပေ။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ခုနစ်နေရာဖြင့် အများဆုံး အနိုင်ရထားပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) က ပြည်နယ်လွှတ်တော်တွင် ဒုတိယအများဆုံး အနိုင်ရထားသည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ဒုဥက္ကဋ္ဌလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးကျော်ဇောဦးက စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို သွားလိုလျှင် နောက်တက်လာမည့် ဝန်ကြီးချုပ်သည် ဒေသခံလူထုကို  ကိုယ်စားပြုသူ (သို့မဟုတ်) ရွေးကောက်ခံ ကိုယ်စားလှယ်မှတစ်ဆင့် ရွေးချယ်လိုက်သူဖြစ်ရန် လိုအပ်ကြောင်း ပြောသည်။ 

“ဒေသတွင်းက လူတွေကို ကိုယ်စားပြုတဲ့၊ အများရာစုကို ကိုယ်စားပြုတဲ့ အများရာစုဆိုတာ တစ်နေရာနိုင်တဲ့သူကို ပြောတာမဟုတ်ဘူး။ အများကိုယ်စားပြုမှု၊ တိုက်ရိုက်ကိုယ်စားပြုမှု၊ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်နည်းဖြစ်တဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကတစ်ဆင့် တင်မြှောက်တဲ့ တစ်ဦးတစ်ယောက်ပေါ့နော်။ တစ်စုတစ်ဖွဲ့က ပြည်နယ်ကို အုပ်ချုပ်သင့်တယ်။ အဲဒါ ကျွန်တော်တို့ပါတီရဲ့ ခံယူချက်ပဲ” ဟု ဦးကျော်ဇောဦးက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ပြောခွင့်ရသူ ဦးဦးလှမြင့်က “အကောင်းဆုံးကတော့ သူ့လူမျိုးနဲ့ သူ့ပါတီကိုပဲ ခန့်တာ အကောင်းဆုံးပေါ့ဗျာ။ လုပ်စရာရှိတဲ့၊ လုပ်နိုင်တဲ့ဟာတွေကို သူတို့လုပ်မှာပေါ့။ အများပြောနေကြတဲ့အတိုင်း ဒေသတွင်းပါတီက လုပ်နိုင်တဲ့သူ လုပ်စေချင်တဲ့ လူကို ခိုင်းတာ အသင့်တော်ဆုံးပဲ။ ဒါပေမယ့် အခုဖြစ်နေတဲ့ ပြဿနာတွေက ဝန်ကြီးချုပ်တစ်ယောက် ပေးလိုက်ရုံနဲ့ ပြီးသွားမယ်လို့ ကျွန်တော် မယုံကြည်ဘူး။ တဖြည်းဖြည်း လုပ်ဆောင်ရင်းနဲ့ပဲ အကောင်းဆုံးတစ်ခု ဖြစ်လာနိုင်မယ်လို့ပဲ ကျွန်တော် မျှော်လင့်တယ်” ဟု ပြောသည်။

အနာဂတ်ပြည်ထောင်စုအတွက် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိုနှိုင်းရန် NLD ပါတီက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ သုံးဦးပါ အဖွဲ့ကို ဖွဲ့စည်းထားသည်။

ထိုအဖွဲ့နှင့် တိုင်းရင်းသားပါတီများအကြား မကြာခင် တွေ့ဆုံနိုင်ဖွယ်ရှိပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့် ဝန်ကြီးချုပ်နေရာအတွက် တိုင်းရင်းသာပါတီအချို့က မျှော်မှန်းထားကြကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly