ဒေါ်လာ ၉၀၀ ဘီလီယံသုံးစွဲမယ့် ကိုဗစ်-၁၉ ထောက်ပံ့ရေးဆိုင်ရာဥပဒေကြမ်းကို ထရမ့်ငြင်းပယ် 

ဒေါ်လာ ၉၀၀ ဘီလီယံသုံးစွဲမယ့် ကိုဗစ်-၁၉ ထောက်ပံ့ရေးဆိုင်ရာဥပဒေကြမ်းကို ထရမ့်ငြင်းပယ် 
Photo - AFP

ဒီဇင်ဘာ ၂၃  

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ  လွှတ်တော်နှစ်ရပ်က အတည်ပြုတင်ပြထားတဲ့  ဒေါ်လာ ၉၀၀ ဘီလီယံ သုံးစွဲမယ့် ကိုဗစ်-၁၉ ထောက်ပံ့ရေးအစီအစဉ်နဲ့စပ်လျဉ်းပြီး ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ဖို့နဲ့ အမေရိကန်နိုင်ငံသားတွေကို ပေးမယ့်ထောက်ပံ့ငွေကို သုံးဆထက်မနည်း ထပ်တိုးပေးဖို့ အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။  

တနင်္လာနေ့က လွှတ်တော်နှစ်ရပ်စလုံးမှာ မဲခွဲအတည်ပြုခဲ့တဲ့ အဆိုပါဥပဒေကြမ်းကို လက်မှတ်မထိုးဘူးလို့ ထရမ့်က အတိအလင်းပြောခဲ့တာမဟုတ်ဘဲ ဥပဒေကြမ်းကို လက်မခံနိုင်ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။  

ထရမ့်က “ဥပဒေကြမ်းကို ပြင်ဆင်ပြီး ရယ်စရာကောင်းတဲ့ ထောက်ပံ့ကြေးငွေ ဒေါ်လာ ၆၀၀ ကို ၂ ၀၀၀ ဒါမှမဟုတ် ၄ ၀၀၀ လောက်တိုးပေးဖို့ လွှတ်တော်ကို တေင်းဆိုပါတယ်။ ဒီဥပဒေကြမ်း အရှက်သိက္ခာမဲ့လှပါတယ်။ ဖြုန်းတီးရာကျပြီး မလိုလားအပ်တဲ့အရာတွေကို ဥပဒေကြမ်းထဲက ချက်ချင်းဖယ်ရှားပစ်ပြီး သင့်တော်တဲ့ဥပဒေကြမ်းတစ်ခု ကျွန်တော့်ကို တင်သွင်းပါ။ ” လို့ ပြောခဲ့တဲ့ ဗီဒီယိုသတင်းစကားကို တွစ်တာပေါ်မှာတင်ခဲ့ပါတယ်။ 

အမေရိကန်ဟာ ကိုရိုဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့အကြားက သေဆုံးမှုတွေလည်း များပြားနေစဉ်မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်အမတ်တွေဟာ လပေါင်းများစွာ အငြင်းအခုံဖြစ်နေခဲ့တဲ့ ကိုဗစ်ထောက်ပံ့ရေးဥပဒေကြမ်းကို နောက်ဆုံးမှာ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ 

ထောက်ပံ့ရေးအစီအစဉ်သစ်ကြောင့် အလုပ်လက်မဲ့ပြည်သူသန်းပေါင်းများစွာဟာ သက်တမ်းကုန်တော့မယ့်အလုပ်လက်မဲ့ခံစားခွင့်တွေကို ဆုံးရှုံးတော့မှာ မဟုတ်သလို ငွေသားတိုက်ရိုက်ပေးအပ်မှုအစီအစဉ်သစ်ကိုလည်း ထပ်မံရရှိဦးမှာဖြစ်ပါတယ်။  

အစိုးရရဲ့ထောက်ပံ့ရေးအစီအစဉ်ကနေ လုပ်ငန်းငယ်များစွာ အကျိုးကျေးဇူးရရှိမှာဖြစ်ပြီး အိမ်လခမပေးနိုင်လို့ နှင်ထုတ်ခံရမယ့် မိသားစုတွေကို အငှားစရိတ်ပေးမယ့်အစီအစဉ်တွေလည်း ပါ,ပါတယ်။ 

စာမျက်နှာပေါင်း ၅,၅၀၀ ခန့်ရှိတဲ့အဆိုပါဥပဒေကြမ်းကို သမ္မတလက်မှတ်ထိုးနိုင်ဖို့ အိမ်ဖြူတော်ကိုပို့ဖို့ စီစဉ်ဆောက်ရွက်နေစဉ်မှာပဲ ထရမ့်ရဲ့ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly