ရွေ့ပြောင်းအလုပ်သမားတွေမှာ ကိုဗစ် ဒုတိယလှိုင်း ကျရောက်၍ လူမှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းမယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော 

ရွေ့ပြောင်းအလုပ်သမားတွေမှာ ကိုဗစ် ဒုတိယလှိုင်း ကျရောက်၍ လူမှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းမယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော 
Photo - AFP

ဒီဇင်ဘာ ၂၃ ၊ ၂၀၂၀

ထိုင်းနိုင်ငံထဲကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေ ခေါ်သွင်းလာသူတွေကို တရားဥပဒေအရ အရေးယူသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အင်္ဂါနေ့ညမှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ 

“ဒီလို လူတွေကို သက်ညှာမှုမရှိဘဲ တရားစွဲဆိုသွားမှာ ဖြစ်တယ်။”လို့ နိုင်ငံတော်ကို ရုပ်သံမိန့်ခွန်းပြောရာမှာ ပရာယွတ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အာဏာပိုင်တွေအနေနဲ့ ကျယ်ပြန့်တဲ့ လော့ဒေါင်းတွေချဖို့ စဉ်းစားနေတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံအတွင်းမှာ ပင်လယ်စာဈေးတစ်ဈေးကနေပြီး ကူးစက်ဖြစ်ပွားလို့ အင်္ဂါနေ့မှာ လူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ပါတယ်။ 

ဘန်ကောက်ကနေ မိနစ် ၄၀ လောက်သွားရတဲ့ ဆာမုဆာခွန်ပြည်နယ်က မဟာချိုင်ဈေးမှာ အသက် ၆၇ အရွယ် ပုစွန်ရောင်းချသူတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရတာကနေစပြီး နိုင်ငံတွင်းမှာ ဒုတိယလှိုင်းကျရောက်မှာကို စိုးရိမ်ပူပန်လျက် ရှိလာခဲ့တာပါ။ 

အင်္ဂါနေ့ နံနက်ပိုင်းအထိ စမ်းသပ်စစ်ဆေးမှု ၆၁၅၆ ဦးမှာ ကူးစက်သူပေါင်း ၁၀၆၃ ဦး တွေ့ရှိတာကြောင့် အရင် ကူးစက်သူ ၄၃၀၀ ပဲရှိတဲ့ နိုင်ငံမှာ မြင့်မားတဲ့ ကူးစက်မှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။ 

အခု အသစ်ကူးစက်သူအများစုဟာလည်း ပုစွန်ဖမ်းလှေတွေမှာ အကြမ်းသမားအဖြစ် လုပ်ကိုင်နေကြသူတွေနဲ့ ဒေါ်လာ ဘီလီယံများစွာ ဝင်ငွေရနေတဲ့ ထိုင်းပင်လယ်စာလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အများစုပဲ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားတွေကို ‌ခေါ်သွင်းလာသူတွေကို သက်ညှာမှု မရှိ တရားဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက စိတ်ပိုင်းဖြတ်ပြောဆိုပါတယ်။ 

“ဆာမုဆာခွန်မှာ နောက်ဆုံး ဖြစ်တဲ့ အခု ကူးစက်မှုဟာ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူတွေကြောင့်ပဲ ဖြစ်ပြီး သူတို့တွေဟာ နိုင်ငံအတွက် ပူဆွေးသောကတွေကို ဆောင်ကြဉ်လာတာပဲ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။ 

ကွာရန်တင်းဝင်နေရတဲ့ မြန်မာအလုပ်သမားတွေက ကြောက်ရွံ့စိုးထိတ်နေပြီး စိတ်ဖိစီးမှု ခံစားနေရပြီလို့ ရွေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required