ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာပါက လော့ဒေါင်းချမှတ်မည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာပါက လော့ဒေါင်းချမှတ်မည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး

ဒီဇင်ဘာ ၂၂ 

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းမနိုင်အောင် ဆိုးရွားလာပါက လော့ဒေါင်းအသစ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို တာဝန်ပေးလိုက်သည်။ 

ပရာယွတ်က “ကျန်းမာရေးတာဝန်ရှိသူတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို တတ်နိုင်သလောက် ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအကြား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့နေရာမှာ အားလုံးက အစိုးရ၊ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် လော့ဒေါင်းနဲ့ မလွဲမသေ ကြုံတွေ့ရမှာပါ” ဟု ဆိုသည်။ 

နှစ်သစ်ကူးညနှင့် ကလေးများနေ့ကို ကျင်းပသင့်/ မသင့် ဆုံးဖြတ်ရန် ကိုဗစ်-၁၉ အခြေအနေကို တစ်ပတ်မျှ အကဲခတ်စောင့်ကြည့်မည်ဟု ပရာယွတ်က ပြောသည်။

ထို့ပြင် ပြည်သူများအား ကြောက်ရွံ့မနေကြရန်နှင့် ခုနစ်ရက်ကြာပါက အခြေအနေ တိုးတက်လာမည်ဖြစ်ကြောင်း ပရာယွတ်က အားပေးစကားပြောခဲ့သည်။

ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (CCSA) မှ ပြောရေးဆိုခွင့်ရှိသူ Dr Taweesilp Visanuyothin က  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏အဆိုပြုချက်များကို လာမည့်အစည်းအဝေးတွင် ဝန်ကြီးချုပ်ကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက ဆမွတ်ဆာခွန်းတွင် ဖြစ်ပွားခဲ့သော ရောဂါကူးစက်မှုကိုကြည့်ခြင်းအားဖြင့် လာမည့် အားလပ်ရက်ရာသီအခြေအနေကို ခန့်မှန်းရန် လုံလောက်မှုမရှိကြောင်း၊ အားလပ်ရက်ပွဲတော်များကျင်းပ သင့်/မသင့် ဆိုသည်မှာ ပြောရန်ခက်ခဲကြောင်းနှင့် ဒီဇင်ဘာ ၂၈ ရက်ဝန်းကျင်မှသာ ပြောနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။ 

CCSA ၏ ထုတ်ပြန်ချက်အရ တနင်္လာနေ့က ရောဂါကူးစက်သူ ၃၈၂ ဦးရှိပြီး ၎င်းတို့အနက် ၃၆၀ ဦးမှာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်ဟု ဆိုသည်။ ကျန်းမာရေးအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ့ရှိခဲ့သည့် ဆမွတ်ဆာခွန်းခရိုင်ရှိ ပုစွန်ဈေးနှင့်ဆက်စပ်နိုင်ဖွယ်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေးစစ်ဆေးမှုများ အလျင်အမြန်ပြုလုပ်ပေးလျက်ရှိသည်။ 

တနင်္လာနေ့က ပြည်တွင်း ကူးစက်မှုအဖြစ် အယုဒ္ဓယတွင် တစ်ဦး၊ နာခွန်းပါသွမ်းတွင် နှစ်ဦး၊ ဆမွတ်ပရာခန်းတွင် သုံးဦး၊ ဆမွတ်ဆာခွန်းတွင် ငါးဦး၊ ဘန်ကောက်တွင် နှစ်ဦးနှင့် တာ့ခ်တွင် တစ်ဦးတို့ကို တွေ့ရှိခဲ့ပြီး ၁၄ ဦးစလုံးမှာ ပုစွန်ဈေးနှင့် ဆက်စပ်သူများဖြစ်ကြသည်ဟု Dr Taweesilp က ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုသည် တိုက်ခန်းများတွင် အတူတကွနေကြသဖြင့် ဆမွတ်ဆာခွန်းခရိုင်နှင့်ဆက်စပ်သော ကူးစက်မှုအရေအတွက်သည် ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိသည်ဟု  Dr Taweesilp က သတိပေးခဲ့သည်။ ရောဂါစမ်းသပ်မှုပေါင်း ၂ ၆၀၀ ၏ အဖြေကိုမူ မသိရသေးပေ။ ကူးစက်ခံရသူများနှင့် ချိတ်ဆက်မှုရှိသော နောက်ထပ် ရွှေ့ပြောင်းအလုပ်သမား ၁၀ ၃၀၀ ခန့်ကိုလည်း ကျန်းမာရေးအာဏာပိုင်များက ရောဂါစစ်ဆေးသွားမည်ဖြစ်သည်။

စင်္ကာပူကို အတုယူလျက် ရွှေ့ပြောင်းအလုပ်သမားများ၏ တိုက်ခန်းများကို ယာယီကွာရန်တင်းစင်တာများအဖြစ် ပြောင်းလဲသည့်နည်းလမ်းက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မည်ဟု Dr Taweesilp က ဆိုသည်။ 

ဒီဇင်ဘာ ၃ ရက်၊ ၁၀ ရက်နဲ့ ၁၇ ရက်များတွင် ဆမွတ်ဆာခွန်းပြည်နယ်ကို ပင်လယ်စာသွားဝယ်ခဲ့သည့် ဥတ္တရာဒစ်ပြည်နယ်က အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဖွန်ဒမ်သမ်က တနင်္လာနေ့တွင် ပြောသည်။ ထိုအမျိုး သမီးသည် ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည့် ဆိုင်တွင် ဈေးဝယ်မိပြီးနောက် ဖျားနာလာခဲ့ပြီး တနင်္လာနေ့က ဒုတိယအကြိမ် ဆေးစစ်မှုတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly