မြိတ်မြို့၌ ကြိုးဆွဲချသေဆုံးသည့် သီလရှင်တွင် ကိုဗစ်ပိုးတွေ့  

မြိတ်မြို့၌ ကြိုးဆွဲချသေဆုံးသည့် သီလရှင်တွင် ကိုဗစ်ပိုးတွေ့  
ဓာတ်ပုံ - ကျော်မြင့်အောင်

မြိတ်၊ ဒီဇင်ဘာ (၂၂)

မြိတ်မြို့တွင် ကြိုးဆွဲချသေဆုံးသွားသည့် အသက် ၅၀ ကျော်အရွယ် သီလရှင် တစ်ပါးအား သေဆုံးပြီးနောက် စစ်ဆေးရာ ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း မြိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ သီလရှင် သည်၊ မြိတ်မြို့၊ တက္ကသိုလ်ရပ်ကွက်ရှိ မြရိပ်ညိုလမ်းတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ကြိုးဆွဲချ သေဆုံးသွားတဲ့ သီလရှင်ကို ကျန်းမာရေး အဖွဲ့က စစ်ဆေးတဲ့ အခါမှာ ကိုဗစ်ကူးစက် နေမှန်း သိရပါတယ်”ဟု မြိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါက်တာ လွင်လွင်မွန်က ပြောသည်။

အဆိုပါ သီလရှင် သည်၊ ကျန်းမာရေး ချို့တဲ့ နေသူ တစ်ဦး ဖြစ်ကာ ဖော်ပြပါ ရပ်ကွက်ရှိ ဆွမ်း ဒကာ၏ နေအိမ်သို့ ပြောင်းရွှေ့ သီတင်းသုံး နေထိုင်စဉ် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ သီလရှင်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းနေအိမ်တွင် နေထိုင်သူ မိသားစုဝင် နှစ်ဦးကို ကွာရန်တင်း စင်တာသို့ ပို့ဆောင်ထားပြီး နာရေး လိုက်ပါပို့ဆောင်သည့် ကျန်းမာရေး ဝန်ထမ်း ခုနစ်ဦးကိုပါ အသွား အလာ ကန့်သတ် ထားကြောင်း သိရသည်။

မြိတ်မြို့တွင် ကိုဗစ်ကူးစက်ခံရသဖြင့် သေဆုံးသူ သုံးဦး အထိ ရှိနေကြောင်း ခရိုင် ကျန်မာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly