ကိုဗစ်ကူးစက်ခံရသည့် လူနာ နည်းလာပါက ကိုဗစ်ကုသရေးစင်တာ အချို့ကိုလျှော့ချရန် စီစဉ်နေ 

ကိုဗစ်ကူးစက်ခံရသည့် လူနာ နည်းလာပါက ကိုဗစ်ကုသရေးစင်တာ အချို့ကိုလျှော့ချရန် စီစဉ်နေ 

ဒီဇင်ဘာ ၂၂ရက်  

ရန်ကုန်တိုင်းဒေသကြီး ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ထောင်ဂဏန်းမှ ရာဂဏန်းသို့ လျော့ကျလာသဖြင့် လက်ရှိဖွင့်လှစ်ထားသည့် ကိုဗစ်ကုသရေး စင်တာအချို့ကို လျှော့ချရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။   

 “ကျွန်တော်ဆိုလိုတာက Stand By အဆင်သင့်အနေအထားနဲ့ပိတ်ထားမှာဖြစ်ပါတယ်။ ဥပမာ-ရန်ကင်းပညာရေးကောလိပ်၊ ယဉ်ကျေးမှုတက္ကသိုလ်၊ လှိုင်နဲ့ လှိုင်မြတ်လေးတို့မှာရှိတဲ့ ကိုဗစ်စင်တာ တွေကို တဖြည်းဖြည်းစတင်ပြီး Stand By အဆင်သင့်အနေအထားနဲ့ ပိတ်ထားမှာဖြစ်ပါတယ်။ လိုအပ်ရင် ပြန်ပြီးဖွင့်နိုင်အောင်။” ဟု ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။  

လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းများ၊ သူနာပြုများ၊ စေတနာ့ ဝန်ထမ်းများ၊ အထောက်အကူဝန်ထမ်းများမှာ ပင်ပန်းနေပြီဖြစ်၍ ၎င်းတို့နားခွင့်ရရှိစေရန်နှင့် လိုအပ်သည့် နေရာများသို့ လူအင်အား ရွှေ့ပြောင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံပိုင် မီဒီယာမှထုတ်လွှင့်သည့် ရှင်းလင်းပြောကြားချက်တွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။  

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ကုသရေးဌာနပေါင်း ၁၄ခုရှိပြီး ကုတင်ပေါင်း ၁၀၃၃၀ ရှိကာ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ၄၈၈၂ ကုတင်တွင်သာ လူနာတင်ကုသနေရခြင်းဖြစ်ကြောင်းသိရသည်။  

ဆေးရုံကြီးများတွင်လည်း အထူးကြပ်မတ်ကုသမှုခံယူနေရသည့် လူနာများနှင့် ပြင်းထန်လူနာများကုသရန်အတွက် ကုတင်ပေါင်း ၁၀၇၄ ကုတင်ရှိကာ  လက်ရှိတွင် ၇၂၇ ကုတင်သာ လူနာများကုသနေရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ဆိုသည်။  

ထို့ကြောင့် ယခုကဲ့သို့ ကိုဗစ်လူနာအရေအတွက် ဆက်လက်ကျလာမည်ဆိုပါက ကိုဗစ်စင်တာများအား တစ်ခုပြီးတစ်ခုလျှော့ချပိတ်သိမ်းသွားပြီး နောက်ဆုံးအနေဖြင့် အောင်မြင့်မိုရ်၊ ရိုးမနှင့်ဖောင်ကြီး ကုသရေးဌာနတို့သာထားရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။  

“ဒါပေမယ့်ကျွန်တော်ထင်ပါတယ် ဒီလိုတဖြည်းဖြည်းလျှော့ချပိတ်သိမ်းသွားပြီး လုပ်ငန်းတွေက အနည်းဆုံး နှစ် နှစ်၊ သုံးနှစ်ကြာမှာဖြစ်ပါတယ်။ ကိုဗစ်ကို ကျွန်တော်တို့ လုံးဝထိန်းချုပ်လို့ရပြီး ပိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့အထိ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေ၊ ကုသရေးတွေ၊ အခုလိုထိန်းချုပ်ကာကွယ်မှုတွေက အနည်းဆုံး နှစ် နှစ်၊ သုံးနှစ်ကြာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ် နှစ် သုံးနှစ်ရဲ့ Plan ကိုပြောနေခြင်းဖြစ်ပါတယ်။ ဒီနေ့တစ်ရက် နှစ်ရက်အတွင်းပြောင်းလဲသွားမှာကို ပြောနေခြင်းမဟုတ်ပါဘူး” ဟု ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။  

ရန်ကုန်၏ လက်ရှိအခြေအနေမှာ ကိန်းဂဏန်းများအရ တိုးတက်ကောင်းမွန်လာခြင်းဖြစ်ပြီး ဒေသတွင်း ကူးစက်ဖြစ်မှုများ လုံးဝမရှိတော့ဘဲ သုညဖြစ်သွားသည်အထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။  

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလများတွင် လူစုလူဝေး မဖြစ်စေရန်အတွက်  လူစည်ကားရာနေရာများနှင့် ပန်းခြံကစားကွင်းများအား ဒီဇင်ဘာ ၂၁ရက်မှ ၃၁ရက်နေ့အထိ ပိတ်ထားရန် ညွှန်ကြားထားပြီး Stay At Home စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်ဟုလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။  

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ပိုးတွေ့ရှိမှုနှုန်းသည်ငါး ဒဿမ ရှစ် ရာခိုင်နှုန်း မှ ခြောက် ဒသမ တစ် ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ငါး ဒဿမ သုံး ရာခိုင်နှုန်းနှင့် လေး ရာခိုင်နှုန်း ဝန်းကျင်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required