ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တားဆီးရန် ကမ္ဘာ့နိုင်ငံများက နယ်စပ်များကို တင်းကျပ်နေမှုနှင့်အတူ ဗြိတိန် သီးခြားခွဲခံနေရ

ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တားဆီးရန် ကမ္ဘာ့နိုင်ငံများက နယ်စပ်များကို တင်းကျပ်နေမှုနှင့်အတူ ဗြိတိန် သီးခြားခွဲခံနေရ

ဒီဇင်ဘာ ၂၂

အလွန် ကူးစက်ပြန့်ပွားလွယ်သော ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခုအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများသည် ဒီဇင်ဘာ ၂၁ ရက်တွင် ဗြိတိန်မှ လာရောက်မည့်သူများအတွက် ယင်းတို့၏ နယ်စပ်များကို ပိတ်ချခဲ့ရာ ခရီးသွားလာမှုဆိုင်ရာ ပရမ်းပတာ အခြေအနေများကို ဖြစ်စေခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂကနေ ဗြိတိန် ထွက်ခွာမှုနှင့်ပတ်သက်သည့် အကူးအပြောင်းကာလတစ်ခု ကုန်ဆုံးတော့မည့်အချိန် မတိုင်မီ ရက်များအတွင်း အစားအသောက် ပြတ်လပ်သွားနိုင်မှု အလားအလာကိုလည်း ဖြစ်ပေါ်စေလျက်ရှိသည်။

နိုင်ငံတွင် သန္ဓေပြောင်း ဗိုင်းရပ်စ်မျိုးကွဲတစ်ခုကို တွေ့ရှိထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောကြားခဲ့ပြီးနောက် အိန္ဒိယ၊ ပါကစ္စတန်၊ ပိုလန်၊ စပိန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ရုရှား၊ ဂျော်ဒန် နှင့် ဟောင်ကောင်တို့သည် ဗြိတိန်နိုင်ငံသားများအတွက် ခရီးသွားလာမှုများကို ရပ်ဆိုင်းထားခဲ့သည်။

ဆော်ဒီအာရေးဗျ၊ ကူဝိတ်၊ အိုမန်တို့ကလည်း ယင်းတို့၏ နယ်စပ်များကို လုံးလုံး ပိတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲက ယူကေလောက် ရှာဖွေစစ်ဆေးမှု နည်းလမ်းများ အဆင့်မမြင့်သည့် နိုင်ငံများတွင်လည်း ပျံ့နှံ့ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ပညာရှင်များက ပြောဆိုခဲ့သော်လည်း ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ သြစတြီးယား၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနှင့် ကနေဒါ တို့အပါအ၀င် အခြားနိုင်ငံများကလည်း သီတင်းပတ်ကုန်က ဗြိတိန်ဘက်မှ ခရီးသွားလာမှုအပေါ် ပိတ်ခဲ့သည်။

ပြင်သစ်သည် ဗြိတိန်ဘက်မှ လူများ၊ ထရပ်ကားများ ၀င်ရောက်မှုများအတွက် ယင်း၏ နယ်စပ်များကို ပိတ်ခဲ့ပြီး ပင်မနယ်မြေ ဥရောပနှင့်အကြား အရေးပါဆုံးသော ကုန်သွယ်ရေး ပင်မလမ်းကြောင်းများအနက် တစ်ခုကို ပိတ်ထားခဲ့သည်။

ဥရောပတိုက်နှင့်အကြား ဗြိတိန်၏ အဓိက ကုန်သွယ်ရေး တံခါးပေါက်ဖြစ်သည့် ဒိုဗာ ဆိပ်ကမ်းကို ဦးတည်သော အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် ထရပ်ကားများ မိုင်ချီ နောက်ပြန်ဆုတ်ခဲ့ရသလို ဥရောပသို့ ဦးတည်သော ကားဒရိုင်ဘာ ထောင်နှင့်ချီတို့လည်း  သောင်တင်နေခဲ့သည်။

ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ဖွယ်ရာရှိသည့် အချိန်မတိုင်မီ လများတွင် ယခုကဲ့သို့ ဗိုင်းရပ်စ်မျိုးကွဲသစ် တွေ့ရှိမှုက ကမ္ဘာတ၀န်း လူပေါင်း ၁ ဒသမ ၇ သန်းခန့်ကို သေဆုံးစေခဲ့သည့် ကပ်ရောဂါတစ်ခုအတွင်း အသစ်တဖန် ကြောက်စိတ်များကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly