အာဖဂန်နစ္စတန်မှာ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံး

အာဖဂန်နစ္စတန်မှာ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံး
Photo - AFP

ဒီဇင်ဘာ ၂၂

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်က လွှတ်တော်အမတ်တစ်ဦးကို ပစ်မှတ်ထားပြီး ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့လို့ လူကိုးဦးသေဆုံးပြီး လူတစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါကတော့ အာဖဂန်ရဲ့ မြို့တော်ကို ထပ်မံ ရိုက်ခတ်လာတဲ့ တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံမှာ ရှည်ကြာနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အစိုးရနဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်လုပ်ဆောင်နေကြတယ်ဆိုပေမယ့်လည်း ကဘူးလ်မြို့ကတော့ ပြီးခဲ့တဲ့လတွေအတွင်း လူသေဆုံးစေတဲ့ အကြမ်းဖက်မှုလှိုင်းတစ်ခုရဲ့ ရိုက်ခတ်မှုကို ခံထားရပါတယ်။

တနင်္ဂနွေနေ့ ဗုံးခွဲတိုက်ခိုက်မှုဟာ ပါလီမန်အမတ်တစ်ဦးဖြစ်တဲ့ ခန် မိုဟာမက် ၀ါဒက်ခ်ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ၎င်းဟာလည်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“ ဒီ ကားဗုံးခွဲ တိုက်ခိုက်မှုမှာ လူ ကိုးယောက် သေပါတယ်၊ အခြား အယောက် ၂၀ ဒဏ်ရာတွေ ရခဲ့ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီး မာဆော့ဒ် အန်ဒရာဘီက သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူတွေအားလုံးဟာ အရပ်သားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ကြောင်း ၀န်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်စောင်မှာ ပြောခဲ့ပါတယ်။

မြို့တော်ရဲ့ အနောက်ပိုင်းမှာ ကားဗုံးကို ဖောက်ခွဲသွားခဲ့တာဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တော်တော် အားပြင်းတဲ့ ပေါက်ကွဲမှုပါ၊ အဲဒီ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က အိမ်တွေတောင် အတော်များများ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပစ်မှတ်ထားခံခဲ့ရတဲ့ လွှတ်တော်အမတ် ၀ါဒက်ခ်ဟာ သူ့ယာဉ်တန်းနဲ့ သွားလာနေခဲ့ချိန် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ၎င်းရဲ့ ကိုယ်ရံတော် ငါးဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ၀ါဒက်ခ်ရဲ့ လက်ထောက်တစ်ဦးက ပြောပါတယ်။

“အာဖဂန်နစ္စတန်ရဲ့ ရန်သူတွေက ခန် မိုဟာမက် ၀ါဒက်ခ်ကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကို  လုပ်ခဲ့တာပါ” လို့ အာဖဂန်နစ္စတန် သမ္မတ အာရ်ှရက်ဖ် ဂါနီက ဗုံးခွဲမှုကို ပြစ်တင်ထားတဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ပြောသွားခဲ့ပါတယ်။

“အရပ်သား ပစ်မှတ်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေက ငြိမ်းချမ်းရေးအတွက် အခွင့်အရေးအပေါ် အန္တရာယ် ဖြစ်စေပါလိမ့်မယ်” လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

ဒီ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း တာဝန်ခံ ထုတ်ဖော်မထားသေးပါဘူး။

ဒီမတိုင်မီ ကဘူးလ်မြို့မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအချို့အတွက်တော့ ဂျီဟတ်ဒစ် အစ္စလမ္မစ် နိုင်ငံတော်အဖွဲ့က ၎င်းတို့လုပ်တာဖြစ်ကြောင်း တာဝန်ခံ ထုတ်ဖော်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required