စျေးနဲ့ ဆက်စပ်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေအတွက် ထိုင်းဝန်ကြီးချုပ်က ရွှေ့ပြောင်းလုပ်သားတွေကို အပြစ်ဖို့ 

စျေးနဲ့ ဆက်စပ်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေအတွက် ထိုင်းဝန်ကြီးချုပ်က ရွှေ့ပြောင်းလုပ်သားတွေကို အပြစ်ဖို့ 
Photo: AFP

ဒီဇင်ဘာ ၂၂ 

နိုင်ငံရဲ့အကြီးဆုံး ပင်လယ်စာစျေးကြီးတစ်ခုနဲ့ ဆက်စပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတစ်ခုနဲ့ပတ်သက်ပြီး အကျိုးအမြတ်များတဲ့ ပုစွန်လုပ်ငန်းထဲမှာ လုပ်ကိုင်နေကြတဲ့ လုပ်ခနည်း ရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဒီဇင်ဘာ ၂၁ ရက်မှာ အပြစ်ဖို့သွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က မဟာချိုင်စျေးထဲမှ အသက် ၆၇ နှစ်အရွယ် ပုစွန်တုပ်ရောင်းတဲ့စျေးသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်းကတည်းက သတိပေးချက်တွေ ထုတ်ထားရပါတယ်။ 

ရောဂါပိုးရှိသူနဲ့ ထိတွေ့ပတ်သက်ထားသူတွေကို လိုက်လံရှာဖွေစုံစမ်းဖော်ထုတ်မှုနဲ့ လူအများအပြားကို ဗိုင်းရပ်စ် စစ်ဆေးမှုတွေအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၈၀၀ ကျော်ဟာ အဆိုပါ ဧရိယာနဲ့ ဆက်နွယ်ပတ်သက်နေတာကို တွေ့ရှိခဲ့ရပါတယ်။  

ဒါဟာ အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄,၀၀၀ ခန့်မျှသာ ရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအတွက် အဓိက ကူးစက်ဖြစ်ပွားမှုတစ်ခုလည်း ဖြစ်ပါတယ်။ 

အသစ်တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေအနက် အများစုကတော့ မြန်မာနိုင်ငံမှ အလုပ်သမားတွေ ဖြစ်ပါတယ်။ ၎င်းတို့ကတော့ ဒေါ်လာ ဘီလီယံများစွာ တန်တဲ့ ထိုင်း ပင်လယ်စာ ထုတ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ထုတ်လုပ်စီမံ စက်ရုံတွေမှာနဲ့ ပုစွန်ဖမ်း လှေတွေမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၁ ရက်မှာတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေအတွက် စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအပေါ် ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။ အဆိုပါ ရွှေ့ပြောင်းလုပ်သားတွေဟာ စိမ့်ဝင်ထိုးဖောက်နိုင်တဲ့ မြန်မာ-ထိုင်း နယ်စပ်ကို တရားမဝင် ဖြတ်သန်းထားခဲ့သူတွေလို့ ၎င်းက စွပ်စွဲပါတယ်။ 

“သူတို့က ခိုးထွက်သွားတယ်၊ ပြီးတော့ ပြန်ဝင်လာကြတယ်” လို့ ၎င်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာနဲ့အကြား ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၅၀၀) အထိ နယ်စပ်ချင်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ သြဂုတ်လနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စိုးရိမ်ဖွယ်ရာ မြင့်တက်ထားခဲ့ပြီး လက်ရှိအချိန်အထိလည်း တစ်နေ့ကို ကူးစက်သူသစ် တွေ့ရှိမှုဟာ ၁,၀၀၀ ခန့်လောက်အထိ ဆက်ရှိနေဆဲဖြစ်ပါတယ်။ 

“အလုပ်သမားတွေကို ခြေရာကောက်ဖို့ စနစ်တစ်ခု ရှိရလိမ့်မယ်လို့ ကျွန်တော် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောထားပြီးပါပြီ” လို့ ၎င်းက ပြောပါတယ်။ 

ဒါ့အပြင် အခြေအနေတွေဟာ တစ်ပတ်အတွင်း တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

မဟာချိုင် စျေးက ကူးစက်မှုနှုန်းဟာ ၄၂ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ 

အဆိုပါ စျေးနဲ့ အနီးဝန်းကျင်တွေကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကတည်းက လော့ခ်ဒေါင်းချထားပြီး အဲဒီမှာ နေထိုင်သူ ထောင်နဲ့ချီကိုလည်း ထွက်ခွာခွင့် တားမြစ်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required