အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး
Photo: AFP

ဒီဇင်ဘာ ၂၂

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ ကာကွယ်ဆေးထိုးမှုမှာ အမေရိကန်တွေရဲ့ယုံကြည်မှု မြင့်တက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တနင်္လာနေ့တုန်းက Pfizer ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုခံယူနေတာကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ 

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်ဟာ ဒဲလာဝဲလ်ပြည်နယ် နယူးဝါ့ခ်မြို့က ခရစ္စတီယာနာဆေးရုံမှာ ကာကွယ်ဆေးထိုးခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဂျေးလ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘိုင်ဒင်ဟာ နှစ်ကြိမ်ထိုးနှံရမယ့် Pfizer ကာကွယ်ဆေးကို ပထမဆုံးအကြိမ် ထိုးနှံတာဖြစ်ပြီး ကျန်တဲ့နောက်တစ်ကြိမ် ထိုးနှံဖို့လည်း မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ 

ဘိုင်ဒင်က ကာကွယ်ဆေးထိုးရာမှာ ဘာမှစိုးရိမ်စရာမလိုကြောင်းနဲ့ အခုအချိန်မှာ ပါးစပ်နှာခေါင်းစည်းကို ဆက်လက်တပ်ဆင်ထားသင့်ပြီး ပညာရှင်တွေရဲ့ မှာကြားချက်တွေကို နားထောင်ဖို့ အမေရိကန်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒု-သမ္မတ မိုက်ပင့်စ်တို့ ဇနီးမောင်နှံလည်း ပြီးခဲ့တဲ့သီတင်းပတ်က ကာကွယ်ဆေးထိုးခဲ့ကြပေမယ့် သမ္မတ ထရမ့်ကတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။

ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ခဲ့ပြီး ပြန်လည်ကျန်းမာလာခဲ့တဲ့အတွက် သူ့မှာ သဘာဝခုခံစွမ်းအားတွေ ရှိပြီးသားဖြစ်တယ်လို့ ဂုဏ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် ထရမ့်ဟာ အမေရိကန်တွေ ကာကွယ်ဆေးအပေါ် သံသယမရှိအောင် လှုံ့ဆော်တဲ့အနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်တာမျိုးတောင် မလုပ်ခဲ့ပါဘူး။ 

ဘိုင်ဒင်က သိပ္ပံပညာရှင်တွေနဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ ကာကွယ်ဆေးထုတ်လုပ်မှုမှာ စံချိန်တင်မြန်ဆန်အောင် ကြီးကြပ်နိုင်ခဲ့တဲ့အတွက် ထရမ့်အစိုးရကိုလည်း ရှားရှားပါးပါး ချီးမွမ်းခဲ့ပါသေးတယ်။ 

ဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ မှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး  အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly