ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့်  ဗြိတိန်လေယာဉ်ခရီးစဉ်တွေကို အိန္ဒိယ ယာယီဆိုင်းငံ့

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့်  ဗြိတိန်လေယာဉ်ခရီးစဉ်တွေကို အိန္ဒိယ ယာယီဆိုင်းငံ့
Photo: AFP

ဒီဇင်ဘာ ၂၂

ဗြိတိန်မှာ ပိုမိုကူးစက်ပြန့်ပွားလွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုး တွေ့ရှိပြီးတဲ့နောက် အိန္ဒိယဟာ တခြားနိုင်ငံများနည်းတူ ဗြိတိန်က လေကြောင်းခရီးစဉ်တွေအားလုံးကို ယာယီဆိုင်းငံ့ထားမယ်လို့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးအနေနဲ့ ယူကေအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးတော့ အဲဒီကလာမယ့် လေကြောင်းခရီးစဉ်တွေအားလုံးကို ၂၀၂၀ ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်နားမှာဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့  ဒေသစံတော်ချိန် ၁၁ နာရီ ၅၉ မိနစ်ကစပြီး လေယာဉ်ခရီးစဉ်တွေ ရပ်နားမှာဖြစ်ကြောင်း သိရပါတယ်။ 

အကူးအပြောင်းလေယာဉ်တွေနဲ့ ဗြိတိန်ကလာတဲ့ ခရီးသည်တွေကိုလည်း RT-PCR နည်းနဲ့ ရောဂါ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ 

ဗြိတိန်မှာ အိန္ဒိယလူမျိုးအများအပြား နေထိုင်ကြပြီး လန်ဒန်နဲ့ နယူးဒေလီ၊ လန်ဒန်နဲ့ မွမ်ဘိုင်းအကြား တစ်နေ့ကို လူရာပေါင်းများစွာက လေယာဉ်ခရီးစဉ်များစွာကို စီးနင်းနေကြတာဖြစ်ပါတယ်။ 

ဥရောပနိုင်ငံ တစ်ဒါဇင်ထက်မနည်းဟာလည်း ဗြိတိန်က ခရီးသွားတွေနဲ့ လေယာဉ်ခရီးစဉ်တွေကို တားမြစ်ထားပြီဖြစ်ပြီး ကန့်သတ်မှုတွေ ထပ်မံလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀ သန်းထက်မနည်းရှိပြီး အမေရိကန်ပြီးရင် ကမ္ဘာမှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ကာ လူပေါင်း ၁၄၅ ၀၀၀ ခန့် သေဆုံးထားပါတယ်။

အိန္ဒိယမှာ စက်တင်ဘာလတုန်းက တစ်နေ့တာ ရောဂါကူးစက်သူ ၁၀၀ ၀၀၀ နီးပါးရှိရာကနေ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ၂၅ ၀၀၀ ဝန်းကျင်သာရှိတော့ပြီး  ကူးစက်မှု ကျဆင်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly