စံချိန်တင် စစ်ရေးဘတ်ဂျက် ဒေါ်လာ ၅၂ ဘီလီယံ ဂျပန်အစိုးရ အတည်ပြု

စံချိန်တင် စစ်ရေးဘတ်ဂျက် ဒေါ်လာ ၅၂ ဘီလီယံ ဂျပန်အစိုးရ အတည်ပြု

ဒီဇင်ဘာ ၂၁

စစ်ရေးအသုံးစရိတ်ပိုင်းတွင် ကိုးနှစ်ဆက်တိုက် တိုးမြှင့်မှုကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ အစိုးရက ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုလိုက်သည်။ တရုတ်၏ ကြီးထွားနေသော စစ်ရေးပါဝါကို တန်ပြန်နိုင်ရန်အလို့ငှာ အဆင့်မြင့် stealth fighter (ရေဒါ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သော တိုက်လေယာဉ်) နှင့် တာဝေးပစ် သင်္ဘောဖျက်ဒုံး ထုတ်လုပ်မှုအတွက် ငွေကြေးထောက်ပံ့သွားတော့မည် ဖြစ်သည်။

ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် စံချိန်တင် ယန်းငွေ ၅ ဒသမ ၃၄ ထရီလီယံ (ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံ) ရရှိမည်ဖြစ်သည်။ ယင်းသည် ယခုနှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခြင်း ဖြစ်သည်။

ပါလီမန်တွင် ဆုဂါအား ထောက်ခံသည့် အမတ်အများစု ရှိထားသည့်အတွက် ဘတ်ဂျက် ပြဋ္ဌာန်း ထုတ်ပြန်မှုက သေချာသလောက်နီးပါး ဖြစ်သည်။

အိမ်နီးချင်း တရုတ်အပါအ၀င် ဖြစ်နိုင်ဖွယ် ရန်သူများကို ရင်ဆိုင်တန်ပြန်ရန်အလို့ငှာ အကွာအဝေး နှင့် ထိရောက်မှု ပိုကြီးမားသည့် လေယာဉ်သစ်များ၊ ဒုံးကျည်များ၊ လေယာဉ်တင်သင်္ဘောများ ဂျပန် တပ်ဖွဲ့များထံ ပေးအပ်ရန် ၎င်း၏ ယခင်လူ (၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး) တုန်းက လုပ်ဆောင်ထားခဲ့သည့် အငြင်းပွားဖွယ် စစ်အသုံးစရိတ် တိုးမြှင့်မှုကို လက်ရှိ ၀န်ကြီးချုပ် ဆုဂါကလည်း လိုက်လံလုပ်ဆောင်နေခြင်း ဖြစ်သည်။

တရုတ်သည် ယခုနှစ်တွင် စစ်အသုံးစရိတ် ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်ရန် စီစဉ်ထားရာ ယင်းသည် ဆယ်စုနှစ်သုံးခုအတွင်း အသေးငယ်ဆုံးသော တိုးမြှင့်မှု ဖြစ်သည်။

ဂျပန်သည် တာဝေးပစ် ဒုံးများ ၀ယ်ယူနေသလို တရုတ်၊ မြောက်ကိုရီးယားနှင့် အာရှ၏ အခြားဒေသအပိုင်းများရှိ ဝေးကွာသော ကုန်းမြေပစ်မှတ်များကို ပစ်ခတ်ထိမှန်နိုင်ရန် ယင်း၏ စစ်တပ်ကို လက်နက်တပ်ဆင်မှု၊ လေ့ကျင့်မှုများ ဖြည့်ဆည်းရန် စဉ်းစားနေသည်။

ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအဖြစ် ဂျက်တိုက်လေယာဉ်တစ်မျိုး ထုတ်လုပ်ရန် စီစဉ်လုပ်ဆောင်နေပြီး မျှော်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄၀ ဘီလီယံခန့် ရှိဖွယ်ရှိပြီး ယင်းသည် ၂၀၃၀ တွင် အသုံးပြုနိုင်ဖွယ် ရှိသည်။ ထိုပရောဂျက်ကို Lockheed Martin Corp ထံမှ အကူအညီနှင့်အတူ Mitsubishi Heavy Industries Ltd က ဦးဆောင်သွားမည်ဖြစ်သည်။ 

ထို့ပြင် နိုင်ငံအနောက်တောင်ပိုင်း အိုကီနာဝါ ကျွန်းစုကို ခုခံကာကွယ်ရန် တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည်တစ်မျိုး ထုတ်လုပ်မှု စတင်ရန် ဂျပန်သည် ဒေါ်လာ ၃၂၃ သန်း သုံးစွဲသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly