အစိုးရသစ်က ဟက်ကာတိုက်ခိုက်မှုအပေါ် ဆန်ရှင်ချမှတ်ခြင်းထက် ကျော်လွန် တုံ့ပြန်လိမ့်မည်ဟု ဘိုင်ဒင်၏ အရာရှိချုပ် ပြော

အစိုးရသစ်က ဟက်ကာတိုက်ခိုက်မှုအပေါ် ဆန်ရှင်ချမှတ်ခြင်းထက် ကျော်လွန် တုံ့ပြန်လိမ့်မည်ဟု ဘိုင်ဒင်၏ အရာရှိချုပ် ပြော

ဒီဇင်ဘာ ၂၁

ပြီးခဲ့သည့်အပတ်က ဖော်ထုတ်တွေ့ရှိခဲ့သည့် ကြီးမားလှသည့် ဟက်ကာထိုးဖောက်မှု ကမ်ပိန်းအပေါ် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ တုံ့ပြန်မှုက ဆန်ရှင်ချမှတ်ခြင်းထက် ကျော်လွန်နေလိမ့်မည်ဖြစ်ကြောင်း အသစ်တက်လာတော့မည့် အိမ်ဖြူတော်အရာရှိချုပ်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောသည်။

အမေရိကန်အစိုးရ အေဂျင်စီ ဒါဇင်ဝက်ခန့်ကို ထိုးဖောက်ခဲ့ပြီး အမေရိကန်ကုမ္ပဏီ ထောင်နှင့်ချီကို အကာအကွယ်မဲ့ ဖြစ်ကျန်ရစ်စေခဲ့သည့် သံသယရှိ ရုရှားဟက်ကာများအပေါ် တုံ့ပြန်ရင်ဆိုင်မည့် နည်းလမ်းများကို ဘိုင်ဒင်က အသေးစိတ် စီစဉ်နေကြောင်း ရွန်ကလိန်းက ပြောသည်။

“ဒါက ဆန်ရှင်သက်သက်ပဲ မဟုတ်ပါဘူး၊ ဒါက ဒီလိုမျိုး တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ နိုင်ငံခြားက လုပ်ဆောင်သူတွေရဲ့ လုပ်နိုင်စွမ်းကို ပျက်စီးပြိုကွဲသွားစေဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်” ဟု ကလိန်းက CBS ၏ ‘Face the Nation’ အစီအစဉ်တွင် ပြောသွားခဲ့သည်။

ဟက်ကာ တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှု အခန်းကဏ္ဍအတွက် မော်စကိုအပေါ် အပြစ်ပေးရန် ဘိုင်ဒင် အစိုးရ စဉ်းစားလျက် ရှိသည့် ရွေးချယ်စရာ နည်းလမ်းများထဲတွင် ဘဏ္ဍာရေး ပြစ်ဒဏ်များနှင့်အတူ ရုရှား အခြေခံအဆောက်အအုံအပေါ် လက်တုံ့ပြန် ဟက်ကာတိုက်ခိုက်မှုတို့ ပါဝင်နေကြောင်း ယင်းကိစ္စနှင့် အကျွမ်းတ၀င် ရှိသူများက ပြောသည်။

တစ်ဘက်တွင်လည်း အဆိုပါ ဟက်ကာတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိဟု ရုရှားက တုံ့ပြန်ထားသည်။

ရုရှား၏ SVR နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီ နှစ် ၁၀၀ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုတွင် ရုရှားသမ္မတ ပူတင်က ထောက်လှမ်းရေး အေဂျင်စီ၏ လုပ်ဆောင်ချက်များကို ချီးကျူးသွားခဲ့ပြီး လုပ်ဆောင်ထားသမျှ ခက်ခဲသော ပရော်ဖက်ရှင်နယ် လုပ်ငန်းများအပေါ် ၎င်းအနေဖြင့် အထင်ကြီး သဘောကျကြောင်း ပြောခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတဖြစ်လာတော့မည့် ဘိုင်ဒင်သည် သူလျှိုလုပ်မှု ကမ်ပိန်းအေပါ် အားကောင်းသန်မာသည့် တုံ့ပြန်မှုတစ်ခု ဆောင်ရွက်ရန်အတွက် နိုင်ငံရေး ပါတီနှစ်ရပ် စလုံး၏ ထောက်ခံမှုကို ရရှိဖွယ် ရှိကြောင်း ဥပဒေပြုအမတ်များက ဒီဇင်ဘာ ၂၀ ရက်တွင် အရိပ် အမွှက်ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly