ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ယူကေကနေ လေယာဉ်ခရီးပျံသန်းမှုတွေကို ဥရောပနိုင်ငံတွေ တားမြစ် 

ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ယူကေကနေ လေယာဉ်ခရီးပျံသန်းမှုတွေကို ဥရောပနိုင်ငံတွေ တားမြစ် 
Photo - AFP

ဒီဇင်ဘာ ၂၁

ကူးစက်ပြန့်ပွားလွယ်ပြီး ထိန်းချုပ်ရ ခက်ခဲတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တစ်ခု တွေ့ထားတယ်လို့ ဗြိတိန်အစိုးရက ထုတ်ဖော်သတိပေးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၀ ရက်မှာ ဥရောပနိုင်ငံတွေက ယူကေကနေ လေယာဉ်ခရီးစဉ်ပျံသန်းမှုတွေအပေါ် တားမြစ်ပိတ်ပင်လိုက်ပါတယ်။ 

တချိန်တည်းမှာလည်းပဲ ဒီအခြေအနေနဲ့ပတ်သက်လို့ ပိုမို အားကောင်းတဲ့ ထိန်းချုပ်ကန့်သတ်ရေး အစီအမံတွေ လုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း တောင်းဆိုလိုက်ပါတယ်။ 

ဗြိတိန်မှာ ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်တစ်ခုအပေါ် ထိန်းချုပ်တားဆီးကာကွယ်ရေး အစီအမံတွေ မြှင့်တင်လုပ်ဆောင်ကြဖို့ WHO က ဥရောပနိုင်ငံတွေကို တိုက်တွန်းခဲ့ပြီးနောက် နယ်သာလန်နိုင်ငံက ဒီဇင်ဘာ ၂၀ ရက်မှာ ယူကေကနေ လာမယ့် လေယာဉ်ခရီးစဉ်တွေအပေါ် ပိတ်ပင်ချက်တစ်ရပ် ထုတ်ခဲ့ပါတယ်။  ဘယ်လ်ဂျီယံကလည်း ယင်းနေ့ ညသန်းခေါင်ကနေစလို့ အလားတူ အတိုင်းလိုက်လုပ်ကြောင်း ထုတ်ဖော်ခဲ့ပြီး ယူကေကနေ လာမယ့် လေယာဉ်တွေ၊ ရထားတွေကို ပိတ်ပင်လိုက်ပါတယ်။ 

ဗြိတိန်ရဲ့ ဒေသအစိတ်အပိုင်းတစ်ချို့မှာ ပိုမို ကူးစက်ပြန့်ပွားလွယ်တဲ့ ဗိုင်းရပ်မျိုးစိတ်သစ်တစ်ခု ကူးစက်နေတယ် ဆိုတာ ပေါ်ပေါက်လာခဲ့ပြီးနောက် ဥရောပဒေသမှာ သတိပေးခေါင်းလောင်းတွေ မြည်နေခဲ့တာဖြစ်ပါတယ်။ ဥရောပကတော့ ပြီးခဲ့တဲ့ တစ်နှစ်အကြာ ကပ်ရောဂါ စဖြစ်ခဲ့ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ငါးသိန်းကျော် ရှိလာခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး ဒေသ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ 

ဂျာမနီကလည်း အလားတူ ပိတ်ပင်ချက်မျိုးကို စဉ်းစားနေပြီး ဗြိတိန်အပြင် အခြား ဗိုင်းရပ်စ် မျိုးကွဲသစ် တွေ့ထားတဲ့ တောင်အာဖရိကကနေ လာမယ့် လေယာဉ်ခရီးတွေအပေါ် ပိတ်ပင်ဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

အီတလီကလည်း ယင်းရဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ပိတ်ပင်ချက်မှာ ပူးပေါင်းလုပ်ဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး လွီဂီ ဒီ မာအီယိုက ဖေ့ဘွတ်ခ်မှာ ရေးခဲ့ပေမယ့် အစီအမံတွေ ဘယ်အချိန်မှာ အသက်ဝင်မလဲဆိုတာကို အသေးစိတ်မဖော်ပြခဲ့ပါဘူး။ 

သြစတြီးယား ကျန်းမာရေးဝန်ကြီးကလည်း ယင်းအနေနဲ့ လေယာဉ် ပျံသန်းမှု ပိတ်ပင်ချက်တစ်ရပ် ပြဋ္ဌာန်းသွားမှာဖြစ်ကြောင်းနဲ့ အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ 

ကူးစက်မှုတွေ ပြင်းထန် ပျံ့နှံ့နေတဲ့ ဥရောပဒေသတွေမှာ ဆိုရင် နိုင်ငံတွေအနေနဲ့ ယင်းတို့ရဲ့ ထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို နှစ်ဆတိုး လုပ်ဖို့ လိုတယ်လို့ WHO ရဲ့ ဥရောပရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly