ရခိုင်ရှိ မြို့နယ်တချို့တွင် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး

ရခိုင်ရှိ မြို့နယ်တချို့တွင် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး

ဒီဇင်ဘာ ၂၀၊ ၂၀၂၀

ရခိုင်ပြည်နယ် မြို့နယ်တချို့ရှိ စစ်ဘေးရှောင်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အနီးတဝိုက် ကျေးရွာများတွင် ဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိခိုက်မှုလျော့နည်းစေရန် စစ်တွေအခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက် ကျေးရွာများတွင် နေထိုင်သည့် ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် မိုင်းကြောင့် ခြေထောက်ပြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည့်အတွက် မိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးမှုများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“အရင်တုန်းက ဆိုရင်တော့ လျှပ်စစ်ကြိုးတွေ၊ ပစ္စည်းတွေ တွေ့ရင်လည်း သူတို့ကိုယ်တွယ်ဖို့ ဝန်မလေးကြဘူး။ အခုတော့ ဒီလိုမျိုးဟာတွေတွေ့ရင် မကိုင်ဖို့ပေါ့လေ။ ဂရုစိုက်ဖို့ပေါ့။ သံထည်ပစ္စည်းတွေ ဆိုလို့ရှိရင်လည်း မသိတဲ့ဟာတွေဆို မကိုင်တွယ်ဖို့ အဲဒီတော့ သူတို့ရဲ့ အသက်လုံခြုံမှုတွေမှာ အကျိုးသက်ရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး ပိုစတာကမ်ပိန်းများကို လက်ရှိတွင် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ဒီဇင်ဘာလက စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျန်မြို့နယ်များတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးခိုင်ကောင်းစံက ပြောသည်။

လက်ရှိ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးလုပ်ဆောင်နေသည့် အမ်းမြို့နယ်တွင် ဒီဇင်ဘာလအတွင်း မိုင်းပေါက်ကွဲမှု သုံးကြိမ်ကြုံခဲ့ရသည့်အတွက် လုံခြုံရေးအပေါ် ဒေသခံများက စိုးရိမ်နေကြသည်။ 

ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် အမ်းမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာ ရသူများ ရှိနေသည့်အတွက် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးမှုအပြင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိုင်းရှင်းလင်းရေးများလည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

“ကဇုကိုင်းမှာ အဓိက ပေါက်နေတယ်ပေါ့။ ကျေးရွာနဲ့ ဝေးတယ်ဆိုရင်လည်း ကျေးရွာသားတွေပိုင်တဲ့ ဥယျာဉ်ထဲမှာ အဓိက မိုင်းပေါက်နေတယ်ပေါ့နော်။ အဲဒီလိုပေါက်လို့ သေဆုံးသွားတာတွေ ရှိတယ်၊ သေဆုံးသွားတာတွေ ရှိတယ်။ အဲဒီအတွက် ကျေးရွာအတွင်းကနေ ကျေးရွာအပြင်သွားဖို့ အများကြီး စိုးရိမ်စရာတွေ ဖြစ်ခဲ့ကြတယ်။ အသိပညာပေးရုံနဲ့ ဒေသခံတွေအတွက် လုံခြုံမှုမရဘူး။ ဒီမိုင်းကို တာဝန်ရှိတဲ့သူတွေက မိုင်းရှိတဲ့နေရာတွေမှာ ရှင်းလင်းဖို့ လိုအပ်တယ်။ ဒါမှ လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းမှာပေါ့။ လူတွေရဲ့ စိုးရိမ်မှုတွေကို လျော့ကျနိုင်မှာပေါ့နော်” ဟု ကိုမျိုးလွင်က ပြောသည်။

တပ်မတော်နှင့် ရခိုင့်တပ် AA တို့၏ စစ်ရေးတင်းမာခဲ့သည့်ကာလ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာ အနီးတဝိုက်တွင် မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် စစ်လက်ကျန်ပစ္စည်းများနှင့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့၏ နှစ်နှစ်နီးပါးကြာ တိုက်ပွဲကြောင့် နေရပ်တိမ်းရှောင်ပြီး စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် စစ်ဘေးဒုက္ခသည်တချို့ နေရပ်ပြန်နေကြသော်လည်း မြေမြှုပ်မိုင်းအန္တရာယ် အပါအဝင် လုံခြုံရေးအခြေအနေ စိုးရိမ်မှုများကြောင့် ဒုက္ခသည်အများစု နေရပ်မပြန်ရဲ ကြသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly