ထိုင်းသို့သွားမည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁ သိန်းခန့် နယ်စပ်တွင် စောင့်ဆိုင်းနေ 

ထိုင်းသို့သွားမည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁ သိန်းခန့် နယ်စပ်တွင် စောင့်ဆိုင်းနေ 
ဓာတ်ပုံ - ထိုင်းနိုင်ငံ၊ မိုင်ဆိုင်ခရိုင်ရုံး / Facebook

ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံသို့ လာရောက်မည့် မြန်မာ ရွှေ့ပြောင်းလုပ်သား တစ်သိန်းခန့်ရှိနေပြီး ၎င်းတို့ကို ထိုင်းသို့ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဝင်ခွင့်ပေးရန် ထိုင်းအစိုးရသို့ တိုက်တွန်းထားကြောင်း သိရသည်။ 

နှစ်စဉ် ဒီဇင်ဘာလ ၁၈ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားနေ့အဖြစ် ချင်းရိုင်ခရိုင်ရှိ မယ့်ဖာလွန် တက္ကသိုလ်၊ လူမှုပြုပြင်ဆန်းသစ်ရေးကျောင်းတွင် ပြုလုပ်သည့် အခမ်းအနား၌ သုတေသီ မစ္စတာ ဆူဘဆာခွန် ကစ်နုခွန်က ချင်းရိုင်ပြည်နယ်တစ်ခုတည်းတွင် မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သား ၂၄,၀၀၀ ရှိပြီး ၎င်းတို့၏ မိသားစုဝင် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် တရားမဝင် လုပ်သားများ မပါသေးကြောင်း ပြောသည်။ 

COVID-19 တင်းကျပ်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲနေသည့် မြန်မာလုပ်သား များစွာ ရှိနေကြောင်း၊ မြန်မာ ရွှေ့ပြောင်းလုပ်သားများသည် ချင်းရိုင်ပြည်နယ်၏ စီးပွားရေးတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေကြောင်း မစ္စတာ ဆူဘဆာခွန်က ဘန်ကောက်ပို့စ်သို့ ပြောသည်။  

မြန်မာ ရွှေ့ပြောင်းလုပ်သားများ သာမက မြန်မာနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်မည့် ထိုင်းအလုပ်သမားများပါ နယ်စပ်တွင် ပိတ်မိနေသည်ကို အရပ်ဖက်အဖွဲ့အစည်းများက အကူအညီပေးရန် လိုကြောင်းလည်း သူက ပြောသည်။ 

မြန်မာနိုင်ငံသို့ နေရပ်ပြန်သည့် အလုပ်သမားများကို ထိုင်းအစိုးရက ပြည်ဝင်ခွင့် မပေးသေးကြောင်း ရွှေ့ပြောင်း လုပ်သားများဆိုင်ရာ အဖွဲ့ (MWG) မှ ညှိနှိုင်းရေးမှူး အက်ဒီဆွန် ကုတ်မွန်ကူးလ်က ပြောသည်။ ယင်းသို့ ခွင့်မပြုခြင်းကြောင့် မြန်မာဘက်မှ လုပ်သားများက ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ခိုးဝင်နေကြခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

ထိုင်းစစ်တပ်က နယ်စပ်ကို စောင့်ကြည့်မှု တင်းကျပ်ထားသော်လည်း ခြေလျင်လမ်းကြောင်းများမှ ဝင်ရောက်နိုင်မှုအပေါ် စိုးရိမ်ကြောင်း မစ္စတာ အက်ဒီဆွန်က ပြောသည်။ 

ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် ခိုးဝင်မှု မဖြစ်စေရန် ထိုင်းအစိုးရက ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ မြန်မာရွှေ့ပြောင်း လုပ်သားများကို ဝင်ရောက်ခွင့် ပြုသင့်ကြောင်း၊ ထိုင်းသို့လာရောက်ရန် စောင့်ဆိုင်းနေသည့် မြန်မာလုပ်သား တစ်သိန်းခန့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။ 

ထိုင်းနိုင်ငံ၏ ပင်လယ်စာ ထုတ်ကုန် အဓိက နေရာဖြစ်သော ဆမွတ်ဆခွန်တွင် မြန်မာအလုပ်သမား များစွာ လုပ်ကိုင်နေကြပြီး ကျန်းမာရေးအရ စိစစ်ကိုင်တွယ်ပုံမှာ ကျေနပ်ဖွယ်ရှိကြောင်းနှင့် ဆမွတ်ဆခွန်တွင် ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်လာခြင်းက ပင်လယ်စာလုပ်ငန်းကို ထိခိုက်စေကြောင်း မစ္စတာ အက်ဒီဆွန်က ပြောသည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly