ပုဂ္ဂလိကဆေးရုံများ၌ ကိုဗစ်စစ်ဆေးခြင်းကို ပန်းလှိုင်ဆေးရုံအား ပထမဆုံးလုပ်ကိုင်ခွင့်ပြု  

ပုဂ္ဂလိကဆေးရုံများ၌ ကိုဗစ်စစ်ဆေးခြင်းကို ပန်းလှိုင်ဆေးရုံအား ပထမဆုံးလုပ်ကိုင်ခွင့်ပြု  
Photo - EPA

ဒီဇင်ဘာ ၁၉ရက်  

ပုဂ္ဂလိက ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်းကို လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဆေးရုံအား ပထမဆုံးလုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က မဇ္ဈိမ သို့ပြောသည်။  

အဆိုပါ စစ်ဆေးခွင့်ကို မကြာသေးမီရက်ပိုင်းက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပုဂ္ဂလိက ဆေးရုံများကိုလည်း ထပ်မံခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။ 

 “လောလောဆယ် Test kit နဲ့ပဲ RT-PCR က သူတို့မရသေးဘူး။ နံပါတ်တစ်က စစ်တဲ့ Test kit က နိုင်ငံတော်အစိုးရအသိအမှတ်ပြုတဲ့ ဟာဖြစ်ရမယ်။ နံပါတ်နှစ်က စစ်ဆေးမယ့်ဆေးရုံက သူတို့ဒီ စစ်ဆေးတဲ့အခါမှာ ညွှန်ကြားချက်အတိုင်းပြင်ဆင်ရမယ်။ ပြင်ဆင်ပြီးတော့ စစ်ဆေးတွေ့ရှိချက်တွေကို ထွက်လာတဲ့ အဖြေပေါ်မှာဆက်လက်ဆောင်ရွက်ရမှာပါ။ Positive ဆို ဘယ်လိုလုပ်ရမလဲ။ Negative ဆို ဘယ်လိုလုပ်ရမလဲ။ အဲ့အတိုင်းတွေလုပ်နိုင်မှ သူတို့က ခွင့်ပြုမှာ။ ပြင်ဆင်ထားတာကိုလည်း သူတို့က စစ်ဦးမယ်။ ညွှန်ကြားချက်တိုင်းဟုတ်ပြီဆိုတော့မှ ဒါတွေကို ခွင့်ပြုမှာပေါ့နော်” ဟု ဒေါက်တာထင်ပေါ်က ဆိုသည်။   

ခွင့်ပြုချက် ရရှိထားသော လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင် ပုဂ္ဂလိကဆေးရုံတွင် ကိုဗစ်-၁၉ စစ်ဆေးမှုများကို လတ်တလောတွင် လုပ်ဆောင်ပေးနေခြင်းမရှိသေးဘဲ စတင်စစ်ဆေးမှုများ ပြုလုပ်ပေးမည့်နေ့ရက်ကို ဆေးရုံ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြေငြာပေးသွားမည်ဖြစ်ကြောင်း ပန်းလှိုင်ဆေးရုံမှ ထုတ်ပြန်ထားသည်။  

ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသည့် ဆေးစစ်ခအား ကောက်ခံရမည့် ငွေကြေးပမာဏကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ပေးထားခြင်းမရှိကြောင်းလည်း သိရသည်။  

“ဘာလို့လဲဆိုတော့ ဒီကုန်ကျစရိတ်ဆိုတာက ဆေးရုံတစ်ခုနဲ့တစ်ခု၊ နောက် စစ်ဆေးပေးရတဲ့ လူနာအရေအတွက်ပေါ်မူတည်ပြီး ကွာခြားမယ်လေ။” ဟု ဒေါက်တာထင်ပေါ်က ပြောသည်။   

ပုဂ္ဂလိကဆေးရုံများ၌ ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးနိုင်ခွင့်အတွက် လျှောက်ထားရမည့် ညွှန်ကြားချက်အသစ်များ ကို ဒီဇင်ဘာ ၁၈ရက်နေ့က ထပ်မံထုတ်ပြန်ခဲ့သည်။ 

ယခုကဲ့သို့ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခွင့်ပြုခြင်းသည် ကောင်းသောခြေလှမ်းဖြစ်ပြီး နိုင်ငံတော်မှလုပ်ဆောင်နေသည့် ရောဂါရှာဖွေခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းများတွင် များစွာ အကျိုးသက်ရောက်ကြောင်း ဒေါက်တာထင်ပေါ်က ပြောသည်။   

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းလက်အောက်တွင် ပုဂ္ဂလိကဆေးရုံပေါင်း ၂၃ဝ ဝန်းကျင်ရှိသည့်အနက် ဆေးရုံအချို့တွင် ယခုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရက လက်ရှိအသုံးပြုနေသော ကိုဗစ်ရှိ၊ မရှိ အမြန်စစ်ကိရိယာ Rapid Antigen Test kit များကို အသုံးပြုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required