အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀ သန်းအထိရှိလာ 

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀ သန်းအထိရှိလာ 
Photo - AFP

ဒီဇင်ဘာ ၁၉

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ သန်းရှိသွားပြီလို့ အာဏာပိုင်တွေက စနေနေ့မှာ ထုတ်ပြန်လိုက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကူးစက်မှုနှုန်း သိသိသာသာကျသွားဟန်ရှိပေမယ့် ကမ္ဘာမှာ ဒုတိယမြောက်ကူးစက်မှုအများဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသစ်ထပ်မံကူးစက်ခံရသူ ၂၅ ၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်ကျန်းမာလာသူ ၉.၆ သန်းနဲ့ သေဆုံးသူ ၁၄၅ ၁၃၆ ဦးရှိပြီဖြစ်ပါတယ်။ 

လူဦးရေ ၁.၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယမှာ စက်တင်ဘာလတုန်းက နေ့စဉ်ကူးစက်မှု ၁၀၀ ၀၀၀ နီးပါးအထိ ရှိနေခဲ့ပြီး ကမ္ဘာမှာအဆိုးဆုံးကူးစက်ခံနေရတဲ့ အမေရိကန်ကို ကျော်တက်သွားမယ့်ပုံပေါ်ခဲ့ပါတယ်။ 

အိန္ဒိယမှာ ကမ္ဘာ့လူနေအထူထပ်ဆုံးမြို့တွေရှိနေပေမယ့်လည်း ကူးစက်မှုအဟုန်ကျဆင်းခဲ့ပြီး ကပ်ရောဂါက အမေရိကန်မှာ အရှိန်မြင့်လာခဲ့ပါတယ်။ 

အိန္ဒိယဟာ ဗိုင်းရပ်စ်ကူးစက်မှုတားဆီးဖို့အတွက် အချို့ပြည်နယ်နဲ့ ဒေသတွေမှာ ကန့်သတ်မှုတွေ ပြန်လုပ်ခဲ့ပေမယ့် ရုန်းကန်နေရတဲ့စီးပွားရေးကို မြှင့်တင်ဖို့ လှုပ်ရှားမှုအများစုအပေါ် တားမြစ်ချက်တွေ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ 

အစိုးရဟာ ကျန်းမာရေးလုပ်သားနဲ့ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအပါအဝင် ပြည်သူ သန်း ၃၀၀ ခန့်ကို ကနဦးအနေနဲ့ ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ 

ဘယ်ကာကွယ်ဆေးကိုမှ အတည်မပြုရသေးပေမယ့် အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ်ကုမ္ပဏီ Serum Institute နဲ့မိတ်ဖက်ဖြစ်တဲ့ AstraZeneca အပါအဝင် ဆေးဝါးထုတ်လုပ်သူအများအပြားက အတည်ပြုချက်ပေးဖို့ လျှောက်ထားကြပါတယ်။

အထူးသဖြင့် ဆင်းရဲပြီးလူနေထူထပ်တဲ့ မြို့ပြဧရိယာတွေနဲ့ ဝေးလံတဲ့ကျေးလက်ဒေသတွေမှာ ကာကွယ်ဆေးကို ထိန်းသိမ်းဖို့လိုအပ်တဲ့ အအေးကွင်းဆက်အခြေခံအဆောက်အအုံတွေ အားနည်းနေတာကြောင့် အခက်အခဲတွေကြုံတွေ့နိုင်တယ်လို့  ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

“အိန္ဒိယရဲ့ ပြည်သူ့ကျန်းမာရေးစနစ်တွေဟာ အလုံအလောက်ဖွံ့ဖြိုးတိုးတက်လားဆိုတာ မသေချာပါဘူး။ ကျေးလက်ကုန်းတွင်းပိုင်းက ကျန်းမာရေးစနစ်ဆိုင်ရာဝန်ဆောင်မှုတွေမှာ ကာကွယ်ဆေး ပို့ဆောင်သိုလှောင်ဖို့လိုအပ်တဲ့ ပျမ်းမျှအေးခဲမှတ်အောက်ရှိရမယ့်လိုအပ်ချက်တွေဟာ စိန်ခေါ်မှုကြီးဖြစ်နိုင်တယ်” လို့ အမျိုးသားကာကွယ်ဆေးပညာဌာနက ပညာရှင် ဆာရာဂျစ်ရက်သ် က AFP ကိုပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly