အမေရိကန်အပြင် ကမ္ဘာတစ်လွှားကိုပါ ပစ်မှတ်ထားနေတဲ့ ဆိုင်ဘာတိုက်ခိုက်မှုကြီး ကြီးထွားလာနေ

အမေရိကန်အပြင် ကမ္ဘာတစ်လွှားကိုပါ ပစ်မှတ်ထားနေတဲ့ ဆိုင်ဘာတိုက်ခိုက်မှုကြီး ကြီးထွားလာနေ
Photo - AFP

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၀

အမေရိကန် အစိုးရဌာနတွေကို အကြီးအကျယ် ပျက်စီးစေလိုတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ရပ်ဟာ ကမ္ဘာအနှံ့က ပစ်မှတ်တွေကိုပါ တိုက်ခိုက်လာခဲ့သလို တိုက်ခိုက်ခံရမှုတွေကလည်း ပိုများလာနေတယ်လို့ သုတေသီတွေရဲ့ အပြောအရ ကွန်ပျူတာလုံခြုံရေးနဲ့ သူလျှိုလုပ်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်စရာ ရှိနေတာကို မီးမောင်းထိုးပြသနေပါတယ်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ malware နဲ့ တိုက်ခိုက်ခံရကြောင်း အကြောင်းကြားလာတဲ့ သုံးစွဲသူ ကာစတန်မာ ၄၀ ကျော်ထက်မနည်း ရှိတယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။ တိုက်ခိုက်တဲ့ malware ဟာ ရုရှအစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ဟက်ကာတွေကနေ လာတာဖြစ်ပြီး ဟက်ကာတွေကို လုပ်ငန်းဦးစီးဌာနတွေရဲ့ ကွန်ရက်အတွင်း အလွယ်တကူ ဝင်ရောက်နိုင်ခွင့် ရှိစေတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ လုံခြုံရေးပညာရှင်တွေက ပြောပါတယ်။

“တိုက်ခိုက်ခံရတယ်လို့ အကြောင်းကြားလာသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံထဲက ဖြစ်တယ်။ အဲဒီ တိုက်ခိုက်မှုဟာ အခုဆိုရင် နောက်ထပ် ခုနစ်နိုင်ငံမှာပါ ဖြစ်ပွားလာတာ ဖြစ်တယ်။”လို့ မိုက်ခရိုဆော့ဖ် ဥက္ကဋ္ဌဖြစ်သူ ဘရတ်စမစ်က ဘလော့ဂ်ပို့စ်တစ်ခုမှာ ရေးသားပါတယ်။

ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ကနေဒါ၊ အစ္စရေး၊ မက္ကဆီကို၊ စပိန်နဲ့ ယူအေအီးနိုင်ငံတွေမှာ ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်ကြောင်း သူက ပြောပါတယ်။

“သေချာတာကတော့ တိုက်ခိုက်ခံရသူ အရေအတွက် တိုးလာသလို တည်နေရာတွေလည်း ပိုပြီး များလာတယ်ဆိုတာပါပဲ။”လို့ ဒီ ဆိုင်ဘာတိုက်ခိုက်မှုဟာ စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေ အခု သီတင်းပတ်မှာ ပြောထားဖူးတဲ့အတိုင်း စိုးရိမ်ပူပန်ရကြောင်း စမစ်က ပြောပါတယ်။

“ဒါဟာ ဒီဂျစ်တယ်ခေတ်ပေမယ့်လည်း ပုံမှန် သူလျှိုထောက်လှမ်းတာမျိုးလောက်တင် မကဘူး။ အမေရိကန်နဲ့ ကမ္ဘာအတွက် နည်းပညာပျော့ကွက်ကို ဖန်တီးဖော်ယူနေတဲ့ လုပ်ရပ်မျိုးလို ဖြစ်နေတယ်။”လို့ စမစ်က ထပ်လောင်းပြောပါတယ်။

တော်တော်များများ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ လုံခြုံရေးမကျိုးပေါက်အောင် မနည်းရုန်းကန်လာရနိုင်ပြီး ဆာဗာတွေ ပြန်လည်တည်ဆောက်တာနဲ့ အခြား ကိရိယာတွေ အစားထိုး တပ်ဆင်တာမျိုးကို စဉ်းစားဖို့ လိုကြောင်း လုံခြုံရေးကုမ္ပဏီ Denim Group မှ ဂျွန်ဒစ်ဆန်ဆိုသူကလည်း ပြောပါတယ်။

“အားလုံးဟာ တိုက်ခိုက်ခံရလို့ ပျက်စီးမယ့် အကဲဖြတ်ရတဲ့အထဲမှာ ရှိနေတယ်။ ဘာကြောင့်လည်းဆိုတော့ အခု တိုက်ခိုက်မှုဟာ အတော်လေး ကြီးလို့ပဲ။”လို့ သူက ပြောခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ တရုတ်လက်ချက်လို့ သံသယရှိထားတဲ့ အမေရိကန် အစိုးရအမှုထမ်းတွေရဲ့ အချက်အလက်တွေကို ရယူသွားတဲ့ ၂၀၁၄ ဟက်ကာတိုက်ခိုက်မှုကြီးထက် ပိုပြီး ဆိုးနိုင်လိမ့်မယ်လို့ မဟာဗျူဟာနှင့် နိုင်ငံတကာသုတေသနစင်တာမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂျိမ်းလူးဝစ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required