ဘိုကိုဟာရမ်ရဲ့ပြန်ပေးဆွဲမှုက လွတ်မြောက်လာတဲ့ နိုင်ဂျီးရီးယားကျောင်းသားတွေ မိဘတွေနဲ့ ပြန်ဆုံစည်း 

ဘိုကိုဟာရမ်ရဲ့ပြန်ပေးဆွဲမှုက လွတ်မြောက်လာတဲ့ နိုင်ဂျီးရီးယားကျောင်းသားတွေ မိဘတွေနဲ့ ပြန်ဆုံစည်း 
Photo - AFP

ဒီဇင်ဘာ ၁၉  

ဂျီဟတ်ဒစ် အစွန်းရောက်အဖွဲ့ ဘိုကိုဟာရမ်တွေပြန်ပေးဆွဲသွားတဲ့ နိုင်ဂျီးယားကျောင်းသား ၃၀၀ ကျော်ဟာ ခြောက်ရက်အကြာ ကြာသပတေးနေ့နှောင်းပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။  

ကျောင်းသားပေါင်း ၃၄၄ ဦးကို သမ္မတမူဟာမတ်ဒူဘူဟာရီရဲ့ အစိုးရရုံးမှာ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပြီး သောကြာနေ့မှာတော့  မိဘတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါပြီ။ 

ယခင်သီတင်းပတ် သောကြာနေ့က သေနတ်သမားတစ်စုဟာ ကတ်စီနာပြည်နယ် ကန်ကာရာရွာအလယ်တန်းကျောင်းက ကျောင်းသားရာနဲ့ချီကို ပြန်ပေးဆွဲသွားခဲ့ပြီး အင်္ဂါနေ့မှာ ဘိုကိုဟာရမ်တို့က သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ 

 ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအရေအတွက်ကိုလည်း အတိအကျမသိရတဲ့အတွက် အားလုံးပြန်လွတ်လာသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။  

ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ကစ်က ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး နိုင်ငံအတွင်းက စာသင်ကျောင်းတွေနဲ့ ပညာရေးအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဘယ်လို မာဆာရီက “ပြန်ပေးဆွဲခံရတဲ့ကျောင်းသားအများစု ပြန်လွတ်လာတာပါ။ အကုန်လုံးမဟုတ်ပါဘူး” လို့ပြောပါတယ်။ 

ကြာသပေးတေးနေ့တုန်းက ဘိုကိုဟာရမ်က ထုတ်လွှင့်ပြသခဲ့တဲ့ဗီဒီယိုတစ်ခုမှာတော့ “စိတ်သောကရောက်နေတဲ့ဆယ်ကျော်သက်တစ်ဦးက သူဟာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား ၅၂၀ အနက် တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ပြန်ပေးဆွဲမှုဖြစ်ပွားရာနေရာနဲ့ ကီလိုမီတာရာပေါင်းများစွာဝေးတဲ့ အရှေ့မြောက်ပိုင်းက ဂျီဟတ်ဒစ်တွေဟာ အနောက်မြောက်ပိုင်းက ရာဇဝတ်ဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးခဲ့ပါတယ်။  

ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကလည်း ချီဘော့မြို့ အလယ်တန်းကျောင်းက ကျောင်းသူ ၂၇၆ ဦးကို ပြန်ပေးဆွဲတဲ့ဖြစ်စဉ်ရှိခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ်ကစလို့ အနောက်မြောက်ပိုင်းမှာ လူပေါင်း ၈ ၀၀၀ ခန့် အသတ်ခံခဲ့ရကြောင်း နိုင်ငံတကာ ပဋိပက္ခဆိုင်ရာအဖွဲ့ (ICG) က ဆိုပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required