စင်ကာပူ လမ်းဘေးဈေးတန်း အစားအစာက ယူနက်စကို ယဉ်ကျေးမှု အမွေအနှစ် စာရင်း ဝင်

စင်ကာပူ လမ်းဘေးဈေးတန်း အစားအစာက ယူနက်စကို ယဉ်ကျေးမှု အမွေအနှစ် စာရင်း ဝင်
Photo - AFP

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၀

စင်ကာပူက လူစည်ကားရာ အရပ်တွေမှာ လမ်းဘေး ဆိုင်ခင်းပြီး အစားအစာ ချက်ပြုတ်ရောင်းချသူတွေဟာ တစ်ချိန်က အောက်ခြေလူတန်းစားတွေအဖြစ် ရှုမြင်ခံရပေမယ့် ဒီ သတင်းပတ်မှာတော့ အထူးတလည် ပျော်ရွှင်နေကြရပါပြီ။ 

စင်ကာပူရဲ့ လမ်းဘေးဈေးတန်း အစားအစာတွေကို ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ကုလသမဂ္ဂက အတည်ပြုလိုက်ပြီ ဖြစ်တာကြောင့်ပါပဲ။ 

စင်ကာပူနိုင်ငံဟာ သူရဲ့ လမ်းဘေးဈေးတန်း အစားအစာတွေကို ထိတွေ့လို့မရတဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းခံရဖို့ အဆိုပြုထားတာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း ယူနက်စကိုက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။ 

ယူနက်စကိုရဲ့ ထိတွေ့လို့မရတဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာဆိုရင် အိန္ဒိယက ယောဂကျင့်စဉ်၊ တရုတ်ရဲ့ စာလုံးအလှအရေးအသားနဲ့ စပိန် ဖရန်မန်ကိုအကတွေ ထည့်သွင်းဖော်ပြခံထားရတာ ဖြစ်ပါတယ်။ 

“အရင်ကတော့ လမ်းဘေးဈေးဆိုင် ဖွင့်တာဟာ အထင်သေးခံရတဲ့ အလုပ်တစ်ခု ဖြစ်ခဲ့တယ်။ ဆင်းရဲသားတွေ လုပ်ကြတဲ့ အလုပ်လို့ အထင်ခံကြရတယ်။”လို့ ဆိုင်ခန်းငယ်လေးနဲ့ ရိုးရာအစားအစာတွေ ရောင်းချနေသူ နိုင်ကို့ဟွာက ပြောပါတယ်။  

“အခုတော့ အရင်တော့ မဟုတ်တော့ဘူးပေါ့ဗျာ။ စင်ကာပူရဲ့ လမ်းဘေးဈေးတန်း ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးက အသိအမှတ် ပြုတာ ခံလိုက်ရပြီလေ။”ဆိုပြီး သူက ဆက်လက်ပြောပါတယ်။ 

မြို့ပြနိုင်ငံ စင်ကာပူဟာ နေရာအနှံ့ဆိုသလို လဟာပြင် လမ်းဘေးဈေးဆိုင်တေွ ရှိနေတာ ဖြစ်ပြီး ဒီ ဆိုင်တွေကလည်း အရသာ ကောင်းမွန်ပြီး ဈေးချိုတဲ့ အစားအစာတွေကို ရောင်းချကြတာ ဖြစ်ပါတယ်။ 

တရုတ်၊ မလေး၊ အိန္ဒိယနဲ့ အခြားလူမျိုးတွေဟာ စင်ကာပူရဲ့ လမ်းဘေးဈေးတန်း အစားအစာတွေကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်တယ်လို့ ယူနက်စကိုရဲ့ ဝက်ဘ်ဆိုက်မှာ မှတ်ချက်ပြု ရေးသားထားပါတယ်။ 

“အထူး ဟင်းလျာတစ်မျိုးမျိုးကို ကျွမ်းကျင်စွာ ချက်ပြုတ်တတ်ကြသူ တော်တော်များများဟာ နှစ်များစွာ ချက်ပြုတ် ရောင်းချလာခဲ့တာ ဖြစ်သလို့ သူတို့ရဲ့ ချက်နည်းပြုတ်နည်းတွေ၊ အသိပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို မိသားစုထဲက ငယ်ရွယ်သူတွေ ဒါမှမဟုတ် အလုပ်သင်တွေကို လက်ဆင့်ကမ်းရင်း အစားအစာ ယဉ်ကျေးမှုတစ်ခုအဖြစ် ရှိလာခဲ့တာပါ။”လို့ ယူနက်စကိုရဲ့ မှတ်ချက်မှာ ဖော်ပြထားပါတယ်။ 

“လမ်းဘေးဈေးတန်း ယဉ်ကျေးမှုဟာ အထက်တန်းတော့ မကျဘူးပေါ့။ ဒါဟာ လူတိုင်းအတွက်ပဲ ဖြစ်တယ်။ ကျွန်တော်အနေနဲ့ဆို ခုလို ယူနက်စကို စာရင်း အသွင်းခံရတာကို စင်ကာပူက ပြည်သူတိုင်း အောင်ပွဲခံနိုင်စရာအဖြစ် ထင်မြင်မိတယ်။”လို့ အိန္ဒိယအစားအစာ ရောင်းချတဲ့ ပါရှာဆီရတ်ဆိုသူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required