အိန္ဒိယ လယ်သမားသပိတ် ကြီးထွားနေပေမယ့် လယ်ယာမြေဥပဒေကို ဝန်ကြီးချုပ် မိုဒီ ကာကွယ်ပြောဆို 

အိန္ဒိယ လယ်သမားသပိတ် ကြီးထွားနေပေမယ့် လယ်ယာမြေဥပဒေကို ဝန်ကြီးချုပ် မိုဒီ ကာကွယ်ပြောဆို 
Photo - AFP

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၀

အိန္ဒိယနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြတဲ့ လယ်သမားသပိတ် ကြီးထွားလာနေတာကို အစိုးရဟာ တားဆီးနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ထောင်ပေါင်းများစွာသော လယ်သမားတွေက မြို့တော် နယူးဒေလီကို ပိတ်ဆို့မယ့်အထိ ခြိမ်းခြောက်လို့ လာပါတယ်။ 

ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက အစိုးရကသာ ‘လိမ်လည်မှုတွေနဲ့ ပူးပေါင်းကြံစည်မှုတွေ’ ရဲ့ သားကောင်ဖြစ်နေရတယ်ဆိုပြီး သောကြာနေ့မှာ လယ်သမားတွေကို ပြောဆိုဖျောင်းဖျလာပါတယ်။ 

နေ့စဉ်နေ့တိုင်း မြို့တော် အဝင်လမ်းတွေမှာ လယ်သမားတွေက စုရုံးရောက်ရှိကြတာကြောင့် မိုဒီဟာ သူ့ရဲ့ လယ်ယာစိုက်ပျိုးရေးဈေးကွက် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုအပေါ် ဆန့်ကျင်ကြတဲ့ ကျေးလက်တောရွာနေ လယ်သမားတွေကို နားချနိုင်ရေး ကြိုးစားရုန်းကန်နေရတာပဲ ဖြစ်ပါတ် 

မိုဒီအစိုးရရဲ့ လယ်ယာမြေပြုပြင်ပြောင်းလဲရေး ဥပဒေကို ဆန့်ကျင်တဲ့ လယ်သမားသပိတ်ဟာ သီတင်းသုံးပတ်ကျော်ကြာအောင် ဖြစ်ပွားပေါ်ပေါက်နေတာ ဖြစ်ပြီး ဆန္ဒပြသူတွေဟာ ဒေလီမြို့ အဓိကအဝင်လမ်းမတွေကို ပိတ်ဆို့ထားကြတာပါ။ 

လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဥပဒေအရ လယ်သမားတွေဟာ သူတို့တွေ သီးစားစိုက်ပျိုးကြတဲ့ လယ်ယာထွက်ကုန်တွေကို အနိမ့်ဆုံးဈေး အာမခံသတ်မှတ်ပေးထားတဲ့ အစိုးရ အဝယ်ဒိုင်တွေမှာ ရောင်းချရတော့မှာ မဟုတ်ဘဲ စူပါမားကတ်တွေလို အဖွင့်ဈေးကွက်တွေမှာ တင်ပို့ရောင်းချရမှာ ဖြစ်ပါတယ်။ 

ဒီအတွက် စိုက်ပျိုးရေးကုမ္ပဏီကြီးတွေဟာ ကုန်စည်တွေကို ဈေးနှုန်းချပြီး ဈေးကွက်တင်လာတဲ့အခါ သီးစားလယ်သမားတွေရဲ့ ထွက်ကုန်တွေအတွက် ဈေးကွက်ဝေစု မရနိုင်ဘဲ ဈေးကွက်လက်ဝါးကြီး အုပ်ခံရမယ့်အရေး စိုးရိမ်ပူပန်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ 

အဲဒီ ဥပဒေကို ပြင်ဆင်ကြဖို့ လယ်သမားတွေက တောင်းဆိုဆန္ဒပြကြတာဖြစ်ပြီး အများစုဟာ မြောက်ပိုင်းပြည်နယ်တွေက လာရောက်ကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သောကြာနေ့မှာတော့ အလယ်ပိုင်း မဟာရာရှာထရာပြည်နယ်က လယ်သမားသမဂ္ဂတစ်ရပ်ကလည်း သပိတ်မှာ ပါဝင်မယ်လို့ ပြောဆိုလာပါတယ်။ 

နှစ်သစ်ကူးပြီးလည်း သပိတ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ သမဂ္ဂခေါင်းဆောင်တွေက ပြောကြပြီး အေးမြတဲ့ ရာသီကို အံ့တုပြီး သပိတ်ဆင်နွှဲနိုင်ဖို့ လယ်သမားတွေအတွက် ယာယီရွက်ဖျင်တဲတွေကိုလည်း တည်ဆောက်လျက် ရှိနေပါတယ်။ 

ဗြိတိန် ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် အထူးဧည့်သည်တော်အဖြစ် လာရောက်ဖို့ ရှိတဲ့ အိန္ဒိယ သမ္မတနေ့ နှစ်ပတ်လည်အခမ်းအနားတွေ ကျင်းပမယ့် ဇန်နဝါရီ ၂၆ ရက်မှာ လယ်ထွန်စက်တွေနဲ့အတူ အကြီးစား လူထုစုရုံးမှုကြီး ဆင်နွှဲပြီး နယူးဒေလီမြို့တော်ကို ဝိုင်းရံပိတ်ဆို့မယ်လို့ သမဂ္ဂခေါင်းဆောင်တွေက ခြိမ်းခြောက်ပြောဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required