အမေရိကန် FDA က Moderna ရဲ့ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေး

အမေရိကန် FDA က Moderna ရဲ့ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေး
Photo - AFP

ဒီဇင်ဘာ ၁၉

အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) က  မိုဒါးနား (Moderna) ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကို သောကြာနေ့နှောင်းပိုင်းက တရားဝင်အတည်ပြုပေးလိုက်ပြီး  ဒုတိယမြောက်ဖြစ်တဲ့ အဆိုပါကာကွယ်ဆေး ခြောက်သန်းကို မကြာမီမှာပဲ နိုင်ငံတစ်လွှား စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ 

FDA  အကြီးအကဲ စတီဖင်ဟန်က “ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက် အခု ကာကွယ်ဆေး နှစ်ခုရှိနေပြီး FDA   ဟာ ဒီကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ် လှမ်းနိုင်ခဲ့ပြီ” လို့ ဆိုပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း “ဂုဏ်ယူပါတယ်။ မိုဒါးနားကာကွယ်ဆေး ရပါပြီ” လို့ တွစ်တာကနေတစ်ဆင့် ပြောခဲ့ပါတယ်။

အမေရိကန်ဟာ နှစ်ကြိမ်ထိုးရမယ့် မိုဒါးနားရဲ့ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးတဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး Pfizer/ BioNTech ပြီးနောက် အခုအခါ ဒုတိယမြောက်ကာကွယ်ဆေးကို အမေရိကန်မှာ ဖြန့်ချိတော့မှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ ရက်က ဗြိတိန်မှာ Pfizer/ BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးလိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်က တခြားနိုင်ငံအတော်များများဟာလည်း ၎င်းကာကွယ်ဆေးကို လိုက်ပါအသုံးပြုခဲ့ကြပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူပေါင်း ၃၁၀ ၀၀၀ ထက်မနည်း သေဆုံးထားပြီး ရာသီဥတုအေးလာခြင်းနဲ့အတူ ဆေးရုံတက်ရောက်ကုသသူပေါင်း ၁၁၅ ၀၀၀ ဦးနီးပါးရှိတယ်လို့ ကိုဗစ်ခြေရာခံစီမံကိန်းအရ သိရပါတယ်။

Memphis နဲ့ Louisville မြို့ပြင်ပက အအေးခန်းသိုလှောင်ရုံတွေမှာထားရှိထားတဲ့ ကာကွယ်ဆေးအလုံးရေ သန်းပေါင်းများစွာကို  ဖြန့်ဖြူးရေးကုမ္ပဏီ MacKensson ရဲ့ကြီးကြပ်မှုနဲ့  အစောဆုံး ဒီသီတင်းပတ်ထဲမှာပဲ စတင်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ 

အဆိုပါနေရာတွေကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေဖြစ်ကြတဲ့ FedEx နဲ့ UPS တို့နဲ့အတူ မိုဒါးနားကာကွယ်ဆေးကို နိုင်ငံတစ်လွှား ဖြန့်ချိသွားမှာဖြစ်ပါတယ်။

ဖိုက်ဇာနဲ့ မိုဒါးနားရဲ့ကာကွယ်ဆေးတွေဟာ mRNA နည်းပညာတွေပေါ်မှာအခြေခံထားပြီး နှစ်ခုစလုံးက ၉၅ ရာခိုင်နှုန်းခန့် ထိရောက်မှုရှိကြောင်း ပြသနိုင်ခဲ့ကြပါတယ်။ 

မိုဒါးနား ကာကွယ်ဆေးဟာ အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီယပ်စ် (အနုတ် ၄ ဒီဂရီဖာရင်ဟိုက်) မှာ ရေရှည်သိုလှောင်နိုင်ပြီး ဖိုက်ဇာကတော့ အနုတ် ၉၀ ဒီဂရီဆဲလ်စီယပ်စ် အအေးခန်းအခြေအနေမှာ သိုလှောင်ရတာဖြစ်ပါတယ်။ 

မိုဒါးနားဟာ ဒီလအတွင်းမှာ ကာကွယ်ဆေး သန်း ၂၀ နဲ့ ၂၀၂၁ ခုနှစ် ပထမသုံးလပတ်မှာ သန်း ၈၀ ၊  ဒုတိယသုံးလပတ်မှာ သန်း ၁၀၀ ကျော် တင်ပို့ဖြန့်ချိသွားမှာဖြစ်ပါတယ်။ 
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required