ကိုဗစ်ထောက်ပံ့ကြေးကိစ္စ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကျင့်ပျက်ခြစားမှုဖြင့် အဂတိကော်မရှင်ထံ တိုင်ကြား

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကျင့်ပျက်ခြစားမှုဖြင့် အဂတိကော်မရှင်ထံ တိုင်ကြား

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၀

COVID-19 ကာလအတွင်း ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုအတွက် နိုင်ငံတော်က ပေးအပ်သော ထောက်ပံ့ကြေးငွေများကို ကျေးရွာအုပ်စုတာဝန်ရှိသူများက အလွဲသုံးစားပြုလုပ်နေခြင်းကြောင့် စုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူပေးရန် နိုင်ငံတော်တာဝန်ရှိသူများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ထံ တိုင်ကြားစာပေးပို့တိုင်ကြားထားကြောင်း ဒေသခံများက ပြောသည်။

မင်းကူးလမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ နှစ်ဦးကိုအရေးယူပေးရန် တိုင်ကြားစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ထံ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်ကြားစာတွင် နိုင်ငံတော်အစိုးရက မင်းကူးလမ်းကျေးရွာအုပ်စုအတွက် ပေးအပ်သော ထောက်ပံ့ငွေစုစု ပေါင်း ၇၄၇ သိန်းရှိပြီ ဖြစ်သော်လည်း ကျေးရွအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှခင်မောင်နှင့်စာရေးဝန်ထမ်း ဦးရဲမင်း အောင်တို့မှ ပြည်သူလူထုထံထိရောက်စွာပေးဆောင်ခြင်းမရှိသေးကြောင်းလည်း ထည့်သွင်းရေးသားထားသ ည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့နှစ်ဦးသည် အစိုးရမှထောက်ပံ့သည့် ငွေကျပ် ၇၄၇ သိန်းကို အခြေခံလက်လုပ်၊လက်စားများထံပေးအပ်ပြီးဖြစ်ကြောင်း လတ်မှတ်အတုရေးထိုးကာ ငွေကြေးရယူထားခြင်း ဖြစ်ကြောင်း ဦးဆောင်တိုင်ကြားသူ ဆလိုင်းထွန်းလှကျော်က ပြောသည်။

 “ထောက်ပံ့ကြေးပေးတာ လေးကြိမ်ရှိသွားပြီပေါ့နော်။ ဒေသခံတွေ လက်ခံရရှိပါကြောင်း သူတို့လက်မှတ်အတု တွေထိုးထားတယ်။ ဒေသခံပြည်သူတွေကကျတော့ အစိုးရကနေ ချပေးတဲ့ စာရင်းဇယားတွေကို ကျွန်တော်တို့ လက်မှတ်မထိုးရဘူး။ ဒုတိယအကြိမ်မှာလဲ ထိုနည်းလည်းကောင်းပဲ၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်မှာလည်း ထိုနည်းလည်းကောင်းပဲ။ လက်မှတ်တွေကလည်း ကျွန်တော်တို့ ပုံမှန်ထိုးနေကျ လက်မှတ်တွေ မဟုတ်ဘူး။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် သူတို့တွေက လက်မှတ်တွေကို လုပ်ကြံပြီးတော့ ထုတ်ထားတာ။ ” ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၆ ရွာနှင့် အိမ်ထောင်စု တစ်ထောင်ကျော်ပြီး ယင်းအနက် ကျေးရွာ ၂၃ ခုမှ ဒေသခံအိမ်ထောင်စုပေါင်း ၇၄၇ စုအတွက် အစိုးရက ငွေကျပ် ၇၄၇သိန်းကို ထောက်ပံ့ကြေးငွေ ချပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းကူးလမ်းကျေးရွာအုပ်စု ဒေသခံဦးမောင်လှထွန်းက အစိုးရကထောက်ပံ့ကြေးငွေ လေးကြိမ်ပေးအပ်ရာတွင် ပထမတစ်ကြိမ်တွင် ငါးထောင်ကျပ်နှင့် နောက်ဆုံးတစ်ကြိမ်တွင် တစ်သောင်းကျပ် စုစုပေါင်းလေးကြိမ်အတွက် ငွေကျပ် တစ်သောင်းခွဲသာ ရရှိသေးကြောင်း ပြောသည်။

“ကျွန်တော်တို့ ဒေသတွေမှာ ရတာက ဆယ်လပိုင်းလောက်မှာပဲ ငါးထောင်ရတယ်။ အခြားမြို့နယ်တွေမှာ အပြည့်အဝရကြတယ်ဆိုပြီး သတင်းရလို့ အဲဒီသတင်းတွေ ပေါက်ကြားတဲ့အချိန်မှာပဲ နှစ်ရက်လောက်ပဲ ရှိပါသေးတယ်။ တစ်အိမ်ကို တစ်သောင်းကျပ် လာပေးတယ်။ အုပ်ချုပ်ရေးမှူးက၊ အားလုံးစုစုပေါင်း လေးကြိမ်အတွက် တစ်သောင်းခွဲပဲ ရပါသေးတယ်။” ဟု ဦးမောင်လှထွန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် စစ်ဘေးဒဏ်နှင့် ကပ်ဘေးကာလအတွင်း ဒေသခံများစားဝတ်နေ ရေး အခက်အခဲဖြစ်နေသည့်အချိန်တွင် အစိုးရထောက်ပံ့ကြေးငွေကို အပြည့်အဝပေးသင့်ကြောင်းလည်း ဦးမောင်လှထွန်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မင်းကူးလမ်းကျေးရွာအုပ်စုသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသော ဒေသတစ်ခုဖြစ်သည့်အပြင် ဒေသတွင်းသတင်းစီးဆင်းမှု အားနည်းသည့်အပေါ် အခွင့်ကောင်းယူခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍့်တိုင်ကြားခြင်းခံထားရသည့် မင်းကူးလမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှခင်မောင်နှင့် စာရေးဝန်ထမ်းတို့ကို မဇ္ဈိမမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။  
မင်းပြားမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကမူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏လုပ်ဆောင်ချက်အပေါ် စောင့်ကြည့်ပြီးမှသာ လိုအပ်သည်များကို ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

တိုင်ကြားစာတွင် မင်းကူးလမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းစားရးတို့အား စုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူပေးရန်၊ ထောက်ပံ့ငွေအပြည့်အစုံကို အခြေခံ လူတန်းစားများအား ပြန်လည် ထောက်ပံ့ပေးအပ်ရန်နှင့် ၎င်းတို့နှစ်ဦးအား တာဝန်မှ ရပ်စဲပေးရန် ဒေသခံများက တောင်းဆိုထားသည်။

ထို့ပြင် ကိုဗစ် ၁၉ ကာလအတွင်း အခြေခံလက်လုပ်လက်စားများအတွက် အစိုးရက ထောက်ပံ့ကြေးငွေ လေးကြိမ်ပေးအပ်ခဲ့ပြီး နောက်ဆုံးအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် လေးသောင်းစီ ထောက်ပံ့ရာတွင် ဒေသခံလူထုများနှင့် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့အကြား အငြားပွားမှု ဖြစ်ပေါ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး နှုတ်ထွက်ပေးရေးအထိ တောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required