ဆောက်လုပ်ရေး လုပ်ငန်းလိုင်စင်အတွက် ကျပ်သိန်း ၃၀ ကျော် တရားမဝင် ပေးနေရဟု MBEI စစ်တမ်း ဖော်ပြ 

ဆောက်လုပ်ရေး လုပ်ငန်းလိုင်စင်အတွက် ကျပ်သိန်း ၃၀ ကျော် တရားမဝင် ပေးနေရဟု MBEI စစ်တမ်း ဖော်ပြ 
Photo - EPA

ရန်ကုန်၊ ဒီဇင်ဘာလ ၁၈ 

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းလိုင်စင် တစ်ခုအတွက် ငွေကျပ် ၃၄ သိန်း (အမေရိကန်ဒေါ်လာ ၂,၄၃ဝ ခန့်) ကို တရားမဝင် ပေးချေနေရကြောင်း အာရှဖောင်ဒေးရှင်း၏ ၂ဝ၂ဝ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (MBEI) တွင် ဖော်ပြထားသည်။ 

လုပ်ငန်းပေါင်း ၅၆ဝဝ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ထုတ်ဝေသည့် ၂ဝ၂ဝ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (MBEI) ၏ တရားမဝင် ပေးချေရမှုများဆိုင်ရာ အထူးစိစစ်လေ့လာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ 

၂ဝ၁၉ ခုနှစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းလိုင်စင် လျှောက်ထားခဲ့ကြသည့် ဖြေကြားသူ ၁၂၉ ဦးအနက် ၆၈ ရာခိုင်နှုန်းကျော်က လုပ်ငန်းတစ်ခုအတွက် ငွေကျပ် ၃၄ သိန်းကို တရားမဝင် ပေးချေရပြီး ဆောက်လုပ်ရေး လုပ်ငန်းများသည် ကြီးမားရှုပ်ထွေးသော လုပ်ငန်းများ ဖြစ်သည့်အတွက် အကြီးစား အဂတိလိုက်စားမှု ဖြစ်နိုင်သည့်လမ်းကြောင်း ဖြစ်နေကြောင်းလည်း ပါရှိသည်။ 

ဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင်အတွက် လုပ်ငန်းပမာဏအပေါ် မူတည်ပြီး ပေးရသည့် ငွေပမာဏမှာ မတူသကဲ့သို့ ကျပ် ၃၄ သိန်းမက ပေးနေရခြင်းလည်း ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

အများစုမှာ အောက်ခြေအရာရှိများကို ပေးရခြင်းဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောသည်။ 

“တကယ်တမ်းကတော့ ၃၄ သိန်းတောင် မဟုတ်ဘူး။ လုပ်ငန်းကြီးရင် ကြီးသလို ကုန်တာ။ သိန်းရာနဲ့တောင် ချီပါတယ်။ ဌာနကလည်း တစ်ခုတည်း မဟုတ်ဘူး။ မီးသတ်တို့၊ ရေသန့်တို့ ထောက်ခံချက် အဆင့်ဆင့်ဆိုတော့ ၃၄ သိန်း မကပါဘူး။ အပေါ်ပိုင်းကတော့ တော်တော် အဆင်ပြေသွားပါပြီ။ အောက်ပိုင်းတွေမှာကတော့ အနည်းနဲ့အများ ရှိသေးတာပေါ့နော်၊ အခုလိုပေးနေရတာ” ဟု ၎င်းက ပြောသည်။ 

ဆောက်လုပ်ခွင့် ပြုသည်ဖြစ်၊ ခွင့်မပြုသည်ဖြစ်စေ တရားမဝင် ပေးဆောင်ရသည်မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။ 

“ပြောရရင်တော့ လုပ်တဲ့သူက တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖမ်းထောက်လိုက်ရင် ကျွန်တော်တို့ ဒီပါမစ်ကြီးက မထွက်လာတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က စိတ်ကူးယဉ်တဲ့ ပုံတွေဆွဲရတယ်။ အဲ့ဒီလိုဟာတွေ လုပ်ရတဲ့အခါမှာ ရှာကြံထောက်ရင် ခက်ခဲသွားတာတွေ ရှိတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း လူတွေက အဆင်ပြေအောင် လုပ်ပေးရတဲ့ သဘောပါ။ တချို့ကတော့ အားနည်းချက်တော့ လုံးဝမရှိဘူး။ ဒါပေမယ့် ပုံမှန်လို ဖြစ်နေတာပေါ့။ ဒီလိုလာစစ်ရင် ပေးကိုပေးရမယ်။ မပေးရင် မကြည်ဖြူဘူးပေါ့” ဟု ပြောသည်။ 

အာရှဖောင်ဒေးရှင်းသည် အာရှဒေသတွင် လူနေမှုဘဝမြှင့်တင်ပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂ဝ၂ဝ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (MBEI) သည် အာရှဖောင်ဒေးရှင်း၏ နှစ်နှစ် တစ်ကြိမ် ထုတ်ဝေလိုက်သည့် စစ်တမ်း အစီရင်ခံစာတစ်ရပ် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly