ယူနန်-အာဆီယံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင် ဟံသာဝတီအသင်း အနိုင်ရ

ယူနန်-အာဆီယံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင် ဟံသာဝတီအသင်း အနိုင်ရ
ဟံသာဝတီအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ကစားစဉ်။  (ဓာတ်ပုံ - Hantharwady United)

နိုဝင်ဘာ ၂၀၊ ရန်ကုန်။             ။ ၂၀၁၅ ယူနန်- အာဆီယံ နိုင်ငံတကာဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့်  မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက် အသင်းသည် အုပ်စုပွဲဦးထွက်တွင် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရခဲ့သည်။

ယူနန်-အာဆီယံ နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာ အုပ်စု(F)တွင် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်း၊ တရုတ်ကလပ် He Lei Hol အသင်း၊ တရုတ်ကလပ် Lijiang အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေသည်။

အုပ်စု (E)တွင် ဗီယက်နမ်ကလပ် ဟနွိုင်း T & T အသင်း၊ လာအိုလူငယ်အသင်း၊ ကမ္ဘောဒီးယားလက်ရွေးစင်အသင်း၊ တရုတ်ကလပ် အသင်းနှစ်သင်းတို့ တစ်အုပ်စုတည်း ကျနေရာက်နေသည်။

ဟံသာဝတီအသင်းသည် အုပ်စုပွဲဦးထွက်တွင် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အသင်းကို အနိုင်ရခဲ့သဖြင့် တာထွက်ကောင်းမွန်ခဲ့ပြီး အုပ်စု ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၂ ရက် တွင် တရုတ်ကလပ် He Lei Hol အသင်းနှင့် ထပ်မံကစားရမည်ဖြစ်သည်။ ထို့နောက် နိုဝင်ဘာ ၂၄ ရက်တွင်အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် တရုတ်ကလပ် Lijiang အသင်းနှင့် ကစားရမည်ဖြစ်သည်။

၂၀၁၅ ယူနန်-အာဆီယံ နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၂၅ ရက်တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၂၇ ရက်တွင်လည်းကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို နိုဝင်ဘာ ၂၉ ရက်လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၁၃ ခုနှစ်က ယူနန်-အာဆီယံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ပထမအကြိမ်အဖြစ် ဝင်ပြိုင်ခဲ့ဖူးပြီး တတိယရရှိခဲ့သည်။

၂၀၁၅ ယူနန်-အာဆီယံ နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းမှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်၊ ဒုတိယ အမေရိကန်ဒေါ်လာ ၈၀၀၀၊ တတိယ အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် စတုထ္ထ အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly