ဖီဂျီကျွန်းဆီ စူပါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၍ ကျေးရွာတွေ ပျက်စီး

ဖီဂျီကျွန်းဆီ စူပါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၍ ကျေးရွာတွေ ပျက်စီး
Photo: AFP

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၀

ဖီဂျီကျွန်းဆီ စူပါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် ကျေးရွာတွေ ပျက်စီးရကြောင်း ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက သောကြာနေ့မှာ ပြောပါတယ်။ ယာဆာမုန်တိုင်း ခုလို ဝင်ရောက်တိုက်ခတ်ရာမှာ လက်ရှိအထိ ကလေးငယ်တစ်ဦးနဲ့ လူတစ်ဦး သေဆုံးပြီး ကယ်ဆယ်ရေးသမားတွေဟာ အဆိုးဝါးဆုံး မုန်တိုင်းသင့်ရာနေရာတွေဆီ သွားရောက်နေကြပါတယ်။

ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီကျွန်းဆီ ပြင်းအားအဆင့် အားအပြင်းဆုံး အဆင့် ၅ ရှိတဲ့ ယာဆာမုန်တိုင်းဟာ ကြာသပတေးနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းဆီ ဝင်ရာက်ပြီး ဖီဂျီနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဗန်နော့လီဗူကျွန်းမှာ တိုက်ခတ်တာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရေကြီး၊ မြေပြိုမှုတွေနဲ့အတူ လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပြီး သောကြာနေ့အစောပိုင်းမှာ မုန်တိုင်းဟာ ပင်လယ်ဆီ ရွေ့လျားသွားခဲ့ရာမှာ ပြင်းအား အဆင့် ၃ အဖြစ် အားပျော့သွားခဲ့ပါတယ်။

“အိမ်ဝန်းကျင်က အိမ်ခေါင်မိုးတွေ လေထဲ ပါသွားတာ၊ သစ်ပင်တွေ ပြိုလဲတာနဲ့ သစ်ကိုင်းတွေ ကျိုးကျသံတွေကို လေပြင်းတိုက်ခတ်တဲ့ကြားက ကြောက်လန့်စရာ ကြားနေရပါတယ်။”လို့ ဗန်နော့လီဗူကျွန်း ဆာဗူဆာဗူမြို့ငယ်က ဇာလမ်ဟူစိန်ဆိုသူက ပြောပါတယ်။

“ကျွန်တော်တို့တွေ အားလုံး ဒီ မုန်တိုင်းမှာပဲ အသက် သေဆုံးရမှာကို ကြောက်လန့်နေခဲ့ရတယ်။ ကျွန်တော်အသက် ၆၅ နှစ်အတွင်း တစ်ခါမှ ဒီလောက်ပြင်းထန်တဲ့ မုန်တိုင်းမျိုး မမြင်ဖူးဘူး။”လို့ သူက ပြောပါတယ်။

ဖီဂျီဝန်ကြီးချုပ် ဖရန့်ဘိုင်နီမာရာမာက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ သုံးလသားအရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးတယ်လို့ အတည်ပြုပါတယ်။

“ကျွန်တော်တို့ စိတ်မကောင်းစွာဘဲ မျှော်လင့်ရတာက သေဆုံးသူ ထပ်တိုးနိုင်တယ်ဆိုတာပါပဲ။”လို့ သူက ပြောပါတယ်။

လေပြင်းတိုက်နှုန်း တစ်နာရီ ၃၄၅ ကီလိုမီတာ(မိုင် ၂၁၀) ရှိတဲ့ အခု ယာဆာမုန်တိုင်းဟာ လွန်ခဲ့တဲ့ လေးနှစ်က လူဒါဇင်များစွာ သေဆုံးခဲ့ရတဲ့ ဝင်စတန် ဆိုင်ကလုန်းမုန်တိုင်းထက် အားပိုပြင်းတဲ့ မုန်တိုင်းဖြစ်သလို ပျက်စီးဆုံးရှုံးမှု ပိုပြီးလည်း ကြီးမားလိမ့်မယ် ခန့်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၁၆ ဖေဖော်ဝါရီလက ဝင်စတန်မုန်တိုင်း တိုက်ခတ်ရာမှာ လူ ၄၄ ဦး သေဆုံးခဲ့ပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အခု ယာဆာမုန်တိုင်း ဦးတည်လာနေခဲ့ချိန်မှာပဲ မုန်တိုင်းရဲ့ ဘေးဟာ ကြီးမားကြောင်း သတိပေးချက် ထုတ်ပြီး ပြည်သူတွေဆီ ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းခိုင်းထားပါတယ်။

ရာသီဥတုပြောင်းလဲမှုအရေးမှာ ကာလရှည်ကြာ တက်ကြွလှုပ်ရှားနေသူဖြစ်တဲ့ ဝန်ကြီးချုပ် ဘိုင်နီမာရာမာဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရင်က ဖြစ်ပေါ်ခဲတဲ့ စူပါအားပြင်းမုန်တိုင်းတွေဟာ ပုံမှန်လို ဖြစ်ပေါ်တိုက်ခတ်လာနေပြီဆိုတာကို သံသယ ရှိစရာမလိုကြောင်းလည်း ဆိုပါတယ်။ 

“ကမ္ဘာကြီး ပိုပြီး ပူနွေးလာလေ၊ ဒီလို မုန်တိုင်းတွေက ပို အားကောင်းလာလေပဲ ဖြစ်တယ်။ သေကြေပျက်စီးမှုတွေကို ဆောင်ကြဉ်းလာတဲ့ ရာသီဥတု ပြောင်းလဲမှု ကပ်ဘေးကို ကျွန်တော်တို့ အားလုံး တစ်ဦးမကျန် အရေးယူ လုပ်ဆောင်သွားရမှာ ဖြစ်တယ်။”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required