Alibaba ၏ မျက်နှာဖတ်ရှုမှုနည်းပညာက ဝီဂါလူနည်းစုများကို ရွေးထုတ်နိုင်ဟု အစီရင်ခံစာတစ်ခုက ဖော်ပြ

Alibaba ၏ မျက်နှာဖတ်ရှုမှုနည်းပညာက ဝီဂါလူနည်းစုများကို ရွေးထုတ်နိုင်ဟု အစီရင်ခံစာတစ်ခုက ဖော်ပြ

ဒီဇင်ဘာ ၁၈

တရုတ်၏ ဝီဂါလူနည်းစုဝင်များကို တိတိကျကျ ရွေးထုတ်နိုင်သည့် မျက်နှာဖတ်ရှုမှု (facial recognition) နည်းပညာတစ်ခု နည်းပညာကုမ္ပဏီကြီး Alibaba Group Holding Ltd တွင် ရှိနေကြောင်း စောင့်ကြည့်မှုဆိုင်ရာ လုပ်ငန်း သုတေသနပြုလုပ်သူ IPVM က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများတွင် လူမျိုးစုတစ်စုကို စာတန်းကပ်ချိတ်တွဲနိုင်သည့် ဆော့ဝဲလ်ကို ယင်း၏ လုပ်ငန်းတစ်ခုက ဖန်တီးထုတ်လုပ်ခဲ့မှုအပေါ် ယင်းကိုယ်တိုင်လည်း ပူပန်တုန်လှုပ်မိကြောင်း Alibaba က ပြောသည်။ ထို feature ကို အသုံးပြုသူ (customer) များထံ ဖြန့်ကြက်ရန် မည်သည့်အခါကမှ မရည်ရွယ်ခဲ့ဟုလည်း Alibaba က ပြောသည်။

တရုတ်အာဏာပိုင်တို့သည် ရှင်ကျန်းဒေသရှိ အလုပ်သမား ကမ့်စခန်းများ၌ မွတ်ဆလင် ဝီဂါ တစ်သန်းကျော်ကို အတင်းအကျပ် ခိုင်းထားကြောင်း လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲပြီး ယင်းနှင့်အတူကြံရာပါ ဖြစ်မည်ဟု သံသယရှိရသည့် ကုမ္ပဏီများအပေါ်တွင်လည်း ဝေဖန်အာရုံစိုက်မှုများ ရှိနေချိန် ယခု အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်အာဏာပိုင်တို့ကလည်း ယင်း၏ အခေါ် အသက်မွေးမှု လေ့ကျင့်ရေးစင်တာများတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ အတင်းအကျပ် ခိုင်းစေခြင်းမရှိဟု ထပ်တလဲလဲငြင်းဆန်ထားသည်။ ထို့ပြင် ရှင်ကျန်းဒေသသည် အစ္စလမ္မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုအောက်တွင် ရှိနေသည်ဟုလည်း ပြောခဲ့သည်။

လက်ရှိအချိန်အထိလည်း သတိထားဆင်ခြင်စရာ ကိစ္စရပ်များကြောင့် တရုတ် အင်တာနက်ကုမ္ပဏီများအကြားလည်း သတိထားလုပ်ကိုင်နေကြရပြီး တစ်ခါတစ်ရံ အစိုးရ၏ စည်းမျဉ်းများနှင့် ဆန့်ကျင်နေမည့်အပေါ် ရှောင်ရှားရန် ယင်းဘာသာ ဆင်ဆာဖြတ်တောက်မှုများ လုပ်ဆောင်ကြသည်။ တရုတ်အစိုးရသည် အွန်လိုင်းပေါ် ထုတ်ဖော်ပြောကြားမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပြီး ပြီးခဲ့သည့်လကလည်း တိုက်ရိုက်လွှင့်မှုကို ထိန်းသိမ်းကြပ်မတ်မည့် စည်းမျဉ်းမူကြမ်းကို ထုတ်ပြန်ခဲ့သည်။

အမေရိကန် အခြေစိုက် IPVM က ဗုဒ္ဓဟူးနေ့ အစီရင်ခံစာတစ်ရပ် ထုတ်ဝေခဲ့ရာတွင် ဝက်ဘ်ဆိုဒ်များအတွက် Alibaba ၏ Cloud Shield အကြောင်းအရာ အလွန်အကျွံမဖြစ်ခြင်း ဝန်ဆောင်မှုတွင် ဝီဂါများကို ခွဲခြားဖော်ထုတ်နိုင်စွမ်းရှိသော ဆော့ဝဲတစ်ခု ပေါ်ထားခဲ့သည်ဟု ဆိုသည်။

Cloud Shield သည် ကာမရာဂစိတ်ဖြစ်စေရန် ရေးသားပြသမှု၊ နိုင်ငံရေး၊ ပြင်းထန်သည့် အကြမ်းဖက်မှု၊ ကြော်ငြာများ ပါဝင်နေသော စာသား၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံများကို စစ်ဆေး မှတ်မိစေပြီး အတည်ပြုခြင်း၊ အမှတ်မှတ်သားခြင်း၊ အသုံးပြုသူ ပုံပန်းသဏ္ဍာန်နှင့် အခြားလုပ်ဆောင်နိုင်စွမ်းများကို ထောက်ပံ့သည့် စနစ်တစ်ခုအဖြစ် Alibaba က ဖော်ပြသည်။

နည်းပညာနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ယူထားသော မှတ်တမ်းတစ်ခုအရ ယင်းသည် မျက်မှန် စစ်ဆေးခြင်း၊ အပြုံး ထောက်လှမ်းခြင်း တို့အပြင် ပုဂ္ဂိုလ်တစ်ဦးသည် လူမျိုးစုဝင်တစ်ဦးဖြစ်သလား၊ အထူးသဖြင့် ဝီဂါတစ်ဦးလား ဆိုသည်ကို စစ်ဆေးမှု ကဲ့သို့သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း ပြသနေသည်။

ထို့ကြောင့် အကယ်၍ ဝီဂါတစ်ဦးသည် Cloud Shield တွင် sign up လုပ်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုပေါ် ဗီဒီယိုတစ်ခု တိုက်ရိုက်လွှင့်ချိန် ဆော့ဝဲက ဤအသုံးပြုသူသည် ဝီဂါဖြစ်သလား စစ်ဆေးနိုင်ပြီး ဗီဒီယိုကို သုံးသပ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းအတွက် ချိတ်ဆွဲနိုင်ကြောင်း IPVM သုတေသီ ချားလ် ရိုးလတ်က ပြောသည်။

ဆော့ဝဲတွင် ဝီဂါများကို ဖော်ပြမှုက အစီရင်ခံစာ ထုတ်ဝေခဲ့သည့် အချိန်နီးကပ်ချိန် ပျောက်ကွယ်ခဲ့ကြောင်း IPVM က ပြောသည်။

ဗီဒီယို ပုံရိပ် tag တွဲခြင်းအတွက် လူမျိုးစုဖြစ်မှုကို မှတ်ယူမှုတစ်ခုအဖြစ် ထည့်သွင်းပါဝင်စေသည့် facial recognition ဆော့ဝဲကို Alibaba Cloud က ထုတ်လုပ်ခဲ့မှုအတွက် တုန်လှုပ်ပူပန်မိကြောင်း Alibaba က ပြောသည်။ ထို့ပြင် ယင်းအနေဖြင့် ဤပုံစံဖြင့် ဆော့ဝဲကို အသုံးပြုစေရန် မည်သည့်အခါကမှ မရည်ရွယ်ခဲ့ဟုလည်း ပြောသွားခဲ့သည်။ ယင်း feature သည် စမ်းသပ်နည်းပညာတစ်ခု ဖြစ်ပြီး customers များအတွက် မရည်ရွယ်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly