တန့်ယန်းမြို့နယ်တွင် ရွာသား ၃ ဦးကို မိုင်းဟပြည်သူ့စစ်အဖွဲ့မှဖမ်းဆီး

By မွေလျန်း
18 December 2020
တန့်ယန်းမြို့နယ်တွင် ရွာသား ၃ ဦးကို မိုင်းဟပြည်သူ့စစ်အဖွဲ့မှဖမ်းဆီး

ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တက်လျက်ရွာမှ ရွာသားသုံးဦးကို မိုင်းဟပြည်သူ့စစ်အဖွဲ့က ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဖမ်းဆီးသွားကြောင်းသိရသည်။

အဆိုပါ ရွာသားအချို့ ဖမ်းဆီးခံရခြင်းမှာ မှန်ကန်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို မသိရ သေးကြောင်း တန့်ယန်းမြို့နယ်အနိုင်ရလွတ်တော်ကိုယ်စားလှယ် စိုင်းဖိုးဟန်က ပြောသည်။

"မိုင်းဟပြည်သူ့စစ်ကလို့ပြောတယ်၊ကားလေးစီး၊လူအယောက်နှစ်ဆယ်လောက်နဲ့လာဖမ်းသွားတယ်ပေါ့၊ရွာလူကြီးလဲရှောင်နေတယ်၊ ကျွန်တော်တို့ကတော့သွားပြီးမစစ်ဆေးရသေးဘူး၊ ရွာကလူတွေ လာအကြောင်းကြားထားတယ်" ဟု စိုးဖိုးဟန်က ပြောသည်။

အဆိုပါရွာသားသုံးဦးမှာ ၎င်းတို့နေထိုင်ရာ တက်လျက်ကျေးရွာတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် ဟုဆိုကာ ဒေသခံပြည်သူ့စစ်နှင့် ကျောက်မီးသွေးတူးဖော်မည့်ကုမ္ပဏီမှရွေ့ပြောင်းခိုင်းနေသဖြင့် SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်) ဌာနချုပ်သို့သွား ရောက်အကူအညီ တောင်းခဲ့ပြီးအပြန်တွင် ပြည်သူ့စစ်မှဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နားဟုတ်ဒေသခံတစ်ဦးက ပြောသည်။

တန့်ယန်းမြို့နယ်နှင့် ကိုးမိုင်ခန့်ကွာဝေးသော တက်လျက်ရွာတွင် ငွေရည်ပုလဲကုမ္ပဏီနှင့် ရွှေလင်္ကာ ကုမ္ပဏီတို့မှ မြေအောက်တွင်းမိုင်းခွဲကာ ကျောက်မီးသွေး တူးဖော်မှုများ ပြုလုပ်နေသဖြင့် မြေအက်ကွဲမှုများ ဖြစ်ပေါ်ကာ ပြောင်းရွှေ့ရန် ဖိအားပေးခံနေရသော ရွာတစ်ခုဖြစ်ပြီး ပြောင်းရွှေ့ မပေးသေးသည့် အိမ်ခြေများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍မိုင်းဟပြည်သူ့စစ်အဖွဲ့အားအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly