အမေရိကန်က တရုတ် ‘သွားကျိုး’ကို ဘာကြောင့် တိုက်ခိုက်တာလဲ

By Asia Times
18 December 2020
 အမေရိကန်က တရုတ် ‘သွားကျိုး’ကို ဘာကြောင့် တိုက်ခိုက်တာလဲ

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၀

လွန်ခဲ့သော ဆယ်စုနှစ် မတိုင်ခင်တွင် ‘သွားကျိုး’အမည်ရှိ ဝန်ကောက်ကွိုင်သည် တရားမဝင်အဖွဲ့အစည်းတွင် ပါဝင်ပတ်သတ်နေမှုကြောင့် မကာအိုရှိ အထူးလုံခြုံရေး ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခဲ့သည်။ ယနေ့တွင် သူသည် ထိုင်းနယ်စပ် သောင်ရင်းမြစ်ရှိ ဝေးလံသောဒေသတွင် တည်ဆောက်လျက်ရှိသော လျှို့ဝှက်ပြီး အငြင်းပွားဖွယ် ရွှေကုက္ကိုမြို့သစ် အပါအဝင် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ပလာအူနှင့် မြန်မာတို့တွင် အမြတ်အစွန်းများစွာရသော စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်နေသည်။
 
သို့သော် အမေရိကန်အစိုးရက လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်းဆောင်ရွက်ပါက ထိုချမ်းသာကြွယ်ဝမှုသည် မကြာမီအတွင်း ပြိုလဲသွားနိုင်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝန်အား ‘ကမ္ဘာပေါ်ရှိ အကြီးဆုံး တရုတ်ဒုစရိုက်ဂိုဏ်းများမှ တစ်ခုဖြစ်သော 14K Triad ၏ ခေါင်းဆောင်’အဖြစ် သတ်မှတ်ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် 14K သည် “မူးယစ်ဆေးဝါးမှောင်ခိုကူးခြင်း၊ တရားမဝင်လောင်းကစားခြင်း၊ စီးပွားရေး လိမ်လည်မှုများ ကျူးလွန်ခြင်း၊ လူကုန်ကူးခြင်း၊ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု’တို့တွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။
 
ကြေညာချက်တွင် ဝန်အား “အစိုးရ၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်ခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ကိုယ်ကျိုးအတွက်သိမ်းယူခြင်းနှင့် အစိုးရစာချုပ်များ သို့မဟုတ် သဘာဝ သယံဇာတများ ထုတ်ယူခြင်းနှင့် ပတ်သတ်သည့် အကျင့်ပျက်ခြစားမှုများ”ဖြင့် စွပ်စွဲထားသည်။

Asia Times သည် ဤဆောင်းပါးအတွက် ဝန်အား ချက်ချင်းဆက်သွယ် မရခဲ့ပေ။ Global Magnitsky အက်ဥပေဒအရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် အမေရိကန်ရှိ ဝန်၏ ပိုင်ဆိုင်မှုများအားလုံးအား ပိတ်ဆို့ခဲ့ပြီး အမေရိကန်နိုင်ငံသားများနှင့် စီးပွားရေးကိစ္စအရပ်ရပ်အား ပိတ်ဆို့ခဲ့သည်။

 14K ဒုစရိုက်အဖွဲ့သည် ကမ္ဘာတစ်ဝှမ်းတွင် မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ ငွေကြေးခဝါချခြင်းနှင့် ကြေးစားလူသတ်မှုအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်နေသော ခန့်မှန်းခြေအားဖြင့် အဖွဲ့ဝင် ၂၀,၀၀၀ နှင့်အဖွဲ့ခွဲ ၃၀ ပါဝင်သော ဟောင်ကောင်ရှိ ဒုတိယအကြီးဆုံး ဒုစရိုက်အဖွဲ့ဖြစ်သည်။

ဝန်အပေါ် အမေရိကန်အစိုးရ၏ မြေအောက်စွပ်စွဲမှုများသည် ဟောင်ကောင်အခြေစိုက် Dongmeiအုပ်စု မှတစ်ဆင့် ဒေသခံကာစီနိုနယ်ပယ်နှင့် ဆက်စပ်စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သော ရွှေကုက္ကိုတွင် ပါဝင်ပတ်သတ်မှုကြောင့် ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် သွားကျိုးသည် ဇုန်၏ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ပြောထားသည်။

အမည်ခံအားဖြင့် ရွှေကုက္ကိုဒေသအား မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးရယူပြီး လက်နက်ကိုင်တပ်ဖွဲ့များကို တရားဝင်အသိအမှတ်ပြုထားသော နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သော ကရင် တပ်မှူးချုပ် ဗိုလ်ချစ်သူက ထိန်းချုပ်ထားသည်။

လက်နက်ချခဲ့ခြင်းအတွက် သူသည် ယခုအခါ ကိုဗစ်-၁၉ မဖြစ်ခင်ကာလများအထိ တရုတ်စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ကာရာအိုကေခန်းများနှင့် လောင်းကစားရုံများဖြင့် ပြည့်နှက်နေသည့် ရွှေကုက္ကိုတွင် အာဏာအပြည့်အဝနီးပါးရထားသည်။

အထူးသဖြင့် လောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် ပတ်သတ်နေသော ထင်ရာစိုင်းသော တရုတ်ရင်းနှီးမြှုပ်နှံသူများ အများစုမှာ ဖြိုခွဲမှုတွင် တာဝန်ရှိသည့် တရုတ်လုပ်ဖော်ကိုင်ဖက်အကူအညီဖြင့် ဥပဒေစိုးမိုးရေးအေဂျင်စီမှားမှ ကမ္ဘောဒီးယားမှ မောင်းထုတ်ခံခဲ့ရသူများအတွက် ခိုလှုံစရာဖြစ်လာသည်။

တရုတ်နိုင်ငံတွင် လောင်းကစားခြင်းသည် တရားမဝင်သောကြောင့် စီးပွားရေးသမားများသည် ရုပ်ပိုင်းအရ   ကာစီနိုလောင်းကစားရုံများကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်ကဲ့သို့သော ထိန်းချုပ်မှုအားနည်းသည့် နိုင်ငံများတွင် တည်ထောင်ခဲ့ကြသည်။ အွန်လိုင်းလောင်းကစားခြင်းသည် မကြာခဏဆိုသလို ခရစ်ပ်တိုငွေကြေးနှင့် ကုန်သွယ်မှုအပါအဝင် လိမ်လည်မှုအမျိုးမျိုးနှင့် ငွေကြေးခဝါချခြင်းများကို ဖုံးကွယ်ပေးသည်။

အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ ရွှေကုက္ကိုစီမံကိန်းသည် သမ္မတရှီကျင့်ဖျင်၏ ဒေါ်လာထရီလီယံနှင့်ချီသည့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း Belt and Road Initiative (BRI)၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တည်ထောင်သူများက အွန်လိုင်းကြေညာချက်တစ်ခုတွင် ပြောဆိုကြသော်လည်း ရန်ကုန်ရှိ တရုတ်သံရုံးက
“တတိယနိုင်ငံ”ရင်းနှီးမြှုပ်နှံမှုသည် “ Belt and Road Initiative” နှင့်ဘာမှမဆိုင်ပါကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကြေညာချက်တွင် “တရုတ်မြို့တော်က နိုင်ငံခြားကာစီနိုတွေမှ ရင်းနှီးမြှုပ်နှံဖို့ ခွင့်မပြုဘူး။ တရုတ်နိုင်ငံသားတွေကလည်း နိုင်ငံခြား ကာစီနိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သတ်ခွင့်မရှိဘူး။ နိုင်ငံခြား ကာစီနိုတွေကလည်း တရုတ်နိုင်ငံသားတွေကို လောင်းကစားဖို့ ဆွဲဆောင်ခွင့်မရှိဘူး”ဟု ပါရှိသည်။

ဝန်နှင့် သူ၏ Dongmei အုပ်စုတို့သည် ရွှေကုက္ကိုတွင် မည်သို့ပါဝင်ပတ်သက်ခဲ့သည်ကို အတိအကျ မသိရသော်လည်း သူ၏ဒေသတွင်းနှင့် ဒေသဆိုင်ရာအဆက်အသွယ်များသည် မကာအိုတွင် ငွေချေးဝန်ဆောင်မှုများနှင့်အတူ အစိုးရငွေကြေးဖြင့် အပျော်ခရီး သွားလာရေးများ လုပ်ကိုင်ခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ်များမှ စတင်ခဲ့သည်။
အနည်းဆုံး ဝန်သည် နိမ့်ချသော အသိုင်းအဝိုင်းမှ ဖြစ်သည်။ သူသည် ၁၉၅၅ ခုနှစ်တွင် မကာအိုရှိ ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် ပေါ်တူဂီနယ်မြေရှိ လူငယ်ဂိုဏ်းများစွာထဲမှ တစ်ယောက်ဖြစ်သည်။

သူသည် လမ်းပေါ်တိုက်ခိုက်မှုများမှ အမာရွတ်များရှိနေသေးသည်ဟုဆိုသည်။ သူသည် ဂိုဏ်းပုံစံအကြမ်းဖက်မှုတွင် သေနတ်ဖြင့်နှစ်ကြိမ် ပစ်ခံခဲ့ရပြီး တစ်ချိန်က အသားခုတ်ဓားများ ကိုင်ဆောင်သည့် ပြိုင်ဘက်ဂိုဏ်းတစ်ခု၏ တိုက်ခိုက်ခဲ့မှု ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ နောက်ထပ်ရန်ပွဲတစ်ခုတွင် သူသည်သွား ကိုးချောင်း ဆုံးရှုံးခဲ့ရာ ‘သွားကျိုးကွိုင်’ဟု အမည်ပြောင် ရလာစေသည်။ နောက်ပိုင်းတွင် သူသည် 14K ဒစရိုက်အဖွဲ့တွင်ပါ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာစေရန်  ရာထူးများ တဆင့်တက်ခဲ့ပြီး နောက်ဆုံးတွင် မကာအိုနယ်မြေ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

သူ၏ပထမဆုံး ချမ်းသာကြွယ်ဝလာမှုသည် မကာအိုကာစီနိုလောင်းကစားရုံရှိ VIP အခန်းများကို ထိန်းချုပ်ခြင်းဖြင့်ကျော်ကြားခဲ့ကာ တစ်ချိန်တည်းမှာပင် ရံဖန်ရံခါ ပြိုင်ဘက်ဂိုဏ်းများနှင့် အတူ ပစ်ခတ်မှုများတွင် ပါဝင်သော အမျိုးမျိုးသော လမ်းအဆင့်ကာကွယ်စောင့်ရှောက်ရေးနှင့် ငွေညှစ်ခြင်းများ လုပ်ဆောင်သည့် ရာပေါင်းများစွာသော လူငယ် မာဂျိုင်အဖွဲ့ သို့မဟုတ်“ မြင်းကောင်လေးများ”အဖွဲ့အား လုပ်ဆောင်နေသည်။
ထိုလူဆိုးဂိုဏ်းဝင်အချိန်ကာလတွင် ဝန်သည် ပရဟိတလုပ်ငန်းများစွာကို ဦးဆောင်ခဲ့ပြီး ဟောင်ကောင်မှ ကျော်ကြားသောအဆိုတော်များနှင့်လည်း Gala ဖျော်ဖြေပွဲများကိုပင်စီစဉ်ခဲ့သည်။

သူသည် ထိုအချိန်က ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ပြီး သူ၏ လူဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် ချမ်းသာစွာနေထိုင်သည့် အကြောင်းကို ဟောင်ကောင်ထုတ် ကာဆီနို Casino ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သည့်အတွက် သူ၏ မာဂျိုင်များသည်ပင် ရုပ်ရှင်တွင် ဇာတ်ရံအဖြစ် ပါဝင်ခဲ့သည်။
ထူးကဲနေသော အစင်းကြောင်းဝတ်စုံ၊ ထူးကဲစွာဒီဇိုင်းဆင်ထားသည့်ဖိနပ်များ၊ တောက်ပသော ပိုးထည်ရှပ်အင်္ကျီများနှင့် အနည်းဆုံးလက်ကိုင်ဖုန်းတစ်လုံးပါအား သူသည် ခါးပတ်၌ချိတ်ထားကာ အပြည်ပြည်ဆိုင်ရာသတင်းဌာနများဖြစ်သော Time နှင့် Newsweek တို့နှင့်ပင် အင်တာဗျူးများ ဖြေကြားခဲ့သည်။

၁၉၉၈ခုနှစ် မေလ ၁ရက်နေ့တွင် အမည်ပြောင် ရမ်ဘို “Rambo” ရှိ မကာအိုရဲဌာန ဒုစရိုက်နှိမ်နင်းရေး ခေါင်းဆောင် António Marques Baptista ပိုင်ဆိုင်သော မီနီဗန်တွင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်အထိ ဝန်အား မည်သူမှ မထိရဲခဲ့ပေ။
ထိုညနေ၌ပင် လုပ်ကြံသတ်ဖြတ်မှု နောက်ကွယ်တွင်ရှိနေသည်ဟူသော သံသယဖြင့် မကာအိုရှိ Lisboa ဟိုတယ်၌သူ၏သက်တော်စောင့်များနှင့် အတူစားသောက်နေစဉ် သွားကျိုးကွိုင်အား ဖမ်းဆီးခဲ့သည်။
 
သူသည် တိုက်ခိုက်မှုတွင်ပါဝင် ပတ်သက်ကြောင်း အထောက်အထားများကို တရားရုံးတွင် ဖော်ပြခဲ့ခြင်းမရှိပါ။ ၎င်းအစား သူ့အား Lisboa လောင်းကစားရုံရှိ ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ တရားမဝင်အဖွဲ့အစည်း သို့မဟုတ် လူဆိုးဂိုဏ်း အဖွဲ့ဝင်အဖြစ်သံသယရှိခြင်းတို့ကြောင့် တရားစွဲဆိုခဲ့သည်။ မျက်မြင်သက်သေ တစ်ဦးပြီးတစ်ဦး ရုတ်တရတ် သတိမေ့ခြင်းများနှင့် ကြုံတွေနေရသော ရှည်လျားပြီး ရှုပ်ထွေးသောတရားခွင်အပြီးတွင် သူ့အားထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပြီး ၁၉၉၉ နိုဝင်ဘာလတွင် သူ၏ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခဲ့သည်။

တရားခွင်တွင် ဂျူရီများက လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည့် သူ၏ထင်ရှားသောလုပ်ငန်းများမှာ ထိုစဉ်က ပြည်တွင်းစစ်ဖြစ်ပွားနေသော ကမ္ဘောဒီးယားရှိ ဒုံးကျည်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အခြားအကြီးစားစစ်သုံးပစ္စည်းများအား ကုန်သွယ်ရန် လုပ်ဆောင်ခဲ့သည့် လက်နက်ရောင်းဝယ်ရေးလုပ်ငန်းပင်ဖြစ်သည်။

သူ့အား ပေါ်တူဂီမှ တရုတ်အုပ်ချုပ်မှုသို့ မကာအို၏ အကူးအပြောင်းအတွင်း စောလွှတ်ပေးခဲ့သည်။ စီရင်ချက်ကို ကြေညာပြီး တစ်လအကြာတွင် မကာအိုသည် တရုတ်အချုပ်အခြာအာဏာလက်အောက် ပြန်လည်ရောက်ရှိသွားပြီး ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီချက် အလားတူ ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသဖြစ်လာခဲ့သည်။

၁၃ နှစ်ခန့် ထောင်ထဲတွင် နေခဲ့ရပြီးနောက် ထိုအချိန်တွင် သူသည် ဂိုဏ်းသူဌေးအဖြစ် ပြန်ပေါ်လာလိမ့်မည်ဟု အနည်းငယ်သာ မျှော်လင့်ခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် သူလွတ်မြောက်လာပြီး မကြာမီတွင် ထိုအတိုင်းပင်ဖြစ်ပျက်ခဲ့သည်။

ယခင်အဆက်အသွယ်များအကူအညီနှင့် ဝန်သည် မကာအို ကာစီနိုများ၏ VIP ခန်း လုပ်ငန်းထဲသို့ အလျင်အမြန်ပြန်သွားခဲ့သည်။ ငါးနှစ်အကြာတွင်သူသည် တရားမဝင်ရောင်းဝယ်မှုနှင့် လှုပ်ရှားမှုများ၏ ဘဏ္ဍာရေးလမ်းကြောင်းကို ဖုံးကွယ်ရန်ရည်ရွယ်သည်ဟု လေ့လာသူများနှင့် စုံစမ်းစစ်ဆေးသူများက သံသယရှိသည့် Dragon Coin ဟုခေါ်သော ခရစ်ပ်တိုငွေကြေးကိုစတင်ခဲ့သည်။

အမေရိကန် ဘဏ္ဍရေးဌာန၏ ထုတ်ပြန်ချက်အရ၊ ဝန်သည် ဒီဇင်ဘာ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားရှိ ကမ္ဘာ့ Hongmen သမိုင်းနှင့်ယဉ်ကျေးမှုအသင်း၊ ဟောင်ကောင်အခြေစိုက် Dongmei အုပ်စုနှင့် ပလာအူ တရုတ် Hung-Mun ယဉ်ကျေးမှုအသင်းတို့အား တည်ထောင်ခဲ့သည်။

Hongmen သို့မဟုတ် Hong Mun သည် ၁၈ ရာစုတွင် တည်ထောင်ခဲ့သော မြေအောက် လူဆိုးဂိုဏ်း၏ မူလနာမည်ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဝန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံ အဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ရင်းက ယင်းကိစ္စသည် မဟုတ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပေကျင်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆန်ခဲ့သည်။ သို့သော် ဝန်သည် ပေကျင်း၏ အရေးပါသောနေရာများနှင့် ဆက်နွယ်မှုရှိနေတယ်ဆိုကြောင်း ရှင်းရှင်းလင်းလင်း တွေ့နေရသည်။

အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြားရာတွင် ယဉ်ကျေးမှုဆိုင်ရာအသင်းအဖွဲ့တစ်ခု ဖွင့်လှစ်မှု၏ နောက်ကွယ်တွင် ဝန်သည် ‘မလေးရှားနှင့် ကမ္ဘောဒီးယားရှိ အထက်တန်းလွှာပုဂ္ဂိုလ်များကို တွဲဖက်၍ စီမံခန့်ခွဲနိုင်ခဲ့သည်’ ဟု ပြောကြားခဲ့သည်။

“ပြည်ပရောက် တရုတ်များသည် တရုတ်နိုင်ငံ၏ BRI၊ China Dream သို့မဟုတ် CCP ၏ အခြားသော အဓိကလုပ်ဆောင်ချက်များ ဘောင်အားအသုံးချ၍ တရားမဝင် ရာဇဝတ် အပြုအမူများအား  ဖုံးကွယ်ရန် ကြိုးပမ်းများ ဆက်လက်ဖြစ်ပွားနေသည်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားအခြေစိုက် ကမ္ဘာ့ Hongmen သမိုင်းနှင့်ယဉ်ကျေးမှုအသင်းက ၎င်း၏ လွှမ်းမိုးမှုကို အရှေ့တေင်အာရှတစ်ခွင်တွင် ဖြန့်ကျတ်နေသည်ဟု ဘဏ္ဍရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုအချိန်တွင် ရွှေကုက္ကို စတင်လာခြင်းဖြစ်သည်။

သောင်ရင်းမြစ်ကမ်းပါးအား တရုတ်ရင်းနှီးမြှုပ်နှံသူများကို အတင်းအကျပ် ပြန်လည်ပြောင်းရွှေ့စေခဲ့သည့် ကမ္ဘောဒီးယာတွင် နှိမ်နင်းမှုခဲ့သော်လည်း ဝန်သည် အချိန်အများစုကို ဖနွမ်းပင်နှင့် သီဟာနုဗေးလ်တွင် ကုန်ဆုံးခဲ့သည်။ မက္ကာအို ဘစ်ဇ်နက် Macau Business မှ ဇွန်လ ၄ ရက်၊ ၂၀၁၈ ဆောင်းပါးအရ ဝန်သည် တရုတ်ယဉ်ကျေးမှုအကြောင်း ပိုမိုလေ့လာသင်ယူနိုင်သော ကျောင်းများတည်ထောင်ခြင်းတွင် ပါဝင်ပတ်သက်သည်ဟု ပြောကြားခဲ့သည်။
 
သူ၏အလှုပ်ရှားမှုများအား စောင့်ကြည့်နေသောအပြည်ပြည်ဆိုင်ရာ အများပြည်သူနှင့်ပုဂ္ဂလိက စုံစမ်းစစ်ဆေးရေးများသည် ဝန်၏ စီးပွားရေးလုပ်ငန်းများ၏ ဂုဏ်အကျိုးပြု သဘောသဘာဝအား ယုံကြည် စိတ်ချကြခြင်းမရှိပေ။ အမေရိကန်ဘဏ္ဍာရေးဌာန၏အဆိုအရ“ သူတို့၏ခေါင်းဆောင်ပိုင်းများသည် အရှေ့တောင်အာရှ၏ အခြားဒေသများနှင့် တရုတ်နိုင်ငံရှိ တရားမဝင်လှုပ်ရှားမှုများတွင် ပါဝင်သည့် ပြစ်မှုဆိုင်ရာကွန်ယက်များ သို့မဟုတ် လုပ်ဆောင်သူများရှသည်။ ကာစီနိုများနှင့် ကရစ်ပ်တိုငွေကြေးတွင် ပါဝင်နေသော ယခင်တည်ရှိပြီးသား အဖွဲ့အစည်းများလည်း ရှိသည်”ဟု ပါရှိသည်။

BRI မှတစ်ဆင့် ပေကျင်း၏ ကြွယ်ဝမှုနှင့် ချေးငွေများပေါ် ပိုမိုမှီခိုလာရသည့် မြန်မအစိုးရသည်
နေပြည်တော်မှ မထိန်းချုပ်နိုင်သော တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်အဖွဲ့များ အကြားပေါ်ထွက်လာသည့် ရာဇဝတ်အပြုအမူများအား မည်သို့ကိုင်တွယ်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အာဏာပိုင်များသည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ ထိုနယ်မြေအား စုံစမ်းနေချိန်တွင် မြန်မာ ဥပဒေပြုအမတ်များအနေဖြင့် လွှတ်တော်တွင် ထိုအရေးကစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ရန်ကုန်မြို့ရှိ တရုတ်သံရုံးကလုင်ငန်းအဖွဲ့ကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး တရုတ်သည် မြန်မာနှင့်အတူ တရားမဝင် လောင်းကစားခြင်းများ ဆက်သွယ်ရေးလိမ်လည်မှုများ စသည့် နယ်စပ်ဖြတ်ကျော် တရားမဝင်နှင့် ဒုစရိုက်အပြုအမူများအား နှိမ်နင်းရန် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို အားမြှင့်လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ရေးသားဖော်ပြခဲ့သည်။
 
သို့သော် ပေကျင်းအနေဖြင့် အမေရိကန်ဘဏ္ဍာရေးဌာနမှ အဆက်အသွယ်ကောင်းသော ဝန်အပေါ် စွပ်စွဲချက်များအတိုင်း လိုက်လံဖမ်းဆီးရန် ရည်ရွယ်ချက် ရှိမရှိ ရှင်းလင်းစွာ မသိရပေ။ ဝန်၏ သွားကျိုးများအား ကာလရှည်ကြာကတည်းကပင် ပြင်ဆင်ခဲ့ကာ သူ၏ စီးပွားရေး အကူးအပြောင်းတွင် ယုံကြည်ချက်ရှိရှိ ပြုံးလာစေသည်။ သို့သော် သူ၏လှုပ်ရှားမှုများအား ပရဟိတလုပ်ငန်းများနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့် ဖုံးကွယ်ထားရန် ကြိုးပမ်းမှုသည် ယခုအခါအမေရိကန်၏ မျက်မှောင်ကြုံ့စောင့်ကြည်ခံရကာ အပြစ်ပေးခြင်းခံရစေသည်။

( Asia Times ပါ ဆောင်းပါးရှင် Bertil Lintner ၏ Why the US bit back at China’s ‘Broken Tooth’ ကို ဘာသာပြန်ဆိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly