ဗီယက်နမ် ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူတွင် စတင် စမ်းသပ်ထိုးနှံ 

ဗီယက်နမ် ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူတွင် စတင် စမ်းသပ်ထိုးနှံ 
Photo - AFP

ဒီဇင်ဘာ ၁၈

သင့်တော်ကောင်းမွန်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် ချမ်းသာတဲ့နိုင်ငံတွေနဲ့အပြိုင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အလုအယက် ကြိုးပမ်းနေကြရပါတယ်။ ဒီလို အခြေအနေကြားမှာ ဗီယက်နမ် ဆေးဝါးကုမ္ပဏီတစ်ခုဟာ ၎င်း ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဟနွိုင်းက စေတနာနဲ့ ပါဝင်သူတွေကို ကြာသပတေးနေ့မှာ စတင်စမ်းသပ် ထိုးနှံပေးပြီဖြစ်ပါတယ်။ 

နန်နိုဂျန်ကုမ္ပဏီထုတ် Nanocovax ကာကွယ်ဆေးဟာ ဗီယက်နမ်မှာ စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေး လေးမျိုးတည်းက တစ်မျိုးပဲ ဖြစ်ပြီး အဲဒီ ကာကွယ်ဆေး တစ်ပုလင်းစာဟာ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာလောက် ကျသင့်လိမ့်မယ်လို့ ကုမ္ပဏီက ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ 

စေတနာ့ဝန် သုံးဦးဟာ အခု ကာကွယ်ဆေးကို ကြာသပတေးနေ့က ထိုးနှံခံခဲ့တာ ဖြစ်ပြီး သူတို့သုံးဦးကို ဗီယက်နမ် စစ်ဖက်ဆိုင်ရာ ဆေးဝါးတက္ကသိုလ်မှာ ၇၂ ကြာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ 

စမ်းသပ်မှု ပထမအသုတ်မှာ စေတနာနဲ့ ပါဝင်သူပေါင်း ၆၀ ကို ကာကွယ်ဆေး ထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ငုယင်ငိုအန်းက ပြောပါတယ်။ 

ဆေးထိုးနှံခံတဲ့ သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတာမျိုးအတွက်လည်း ဆေးဝန်ထမ်းတွေက ကောင်းစွာကြိုတင်ပြင်ဆင်ထားတယ်လို့ အဆိုပါ တက္ကသိုလ်မှ ညွှန်ကြားရေးမှူး ဒိုကျူယတ်က ပြောပါတယ်။ 

“ကိုဗစ်ဟာ ကျွန်တော်တို့ရဲ့ ရန်သူလို့ ကျွန်တော်တို့ လက်ခံယူဆထားတယ်။ ဒါကြောင့် ဒါကို တိုက်ထုတ်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေကြတယ်။ ကျွန်တော်တို့ အတော်လေးကို ဂရုတစိုက် ပြင်ဆင်တာဖြစ်ပြီး ဒီ တိုက်ပွဲမှာ အနိုင်ရ ရမယ်။”လို့ စမ်းသပ်မှု လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သူက သတင်းထောက်တွေကို ပြောပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ကမ္ဘာတစ်လွှားက ချီးကျူးမှုကို ခံရတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ ၉၆ သန်းနီးပါးရှိတဲ့ ဒီ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၄၀၀ ကျော်နဲ့ သေဆုံးသူ ၃၅ တည်းရှိတာ ဖြစ်ပါတယ်။ 

ကမ္ဘာတစ်လွှားမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမှုနဲ့ ပတ်သက်ရင် ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံဟာ ၂၀၂၂ ခုနှစ်ထိအောင် ကာကွယ်ဆေး မရရှိနိုင်ဘဲ ဖြစ်လိမ့်မယ်လို့ စိုးရိမ်ပူပန်စရာ ရှိနေကြောင်း ဗုဒ္ဓဟူးနေ့က သုတေသနစာတမ်းတစ်ရပ်က ဖော်ပြထားပါတယ်။ 

ကမ္ဘာ့လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းပဲ ရှိတဲ့ ချမ်းသာတဲ့ နိုင်ငံတွေဟာ လာမယ့်နှစ်မှာ ရရှိနိုင်ဖို့ ရှိနေတဲ့ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီ ၁၃ ခုက ကာကွယ်ဆေး ထက်ဝက်ကျော်ကို အကြိုမှာယူ ဝယ်ယူထားတယ်လို့ Johns Hopkins Bloomberg School of Public Health က သုတေသနပညာရှင်တွေက ဖော်ထုတ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly