ရှုခင်းကြည့်အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာ ၂ဝ တွင် စတင်ပြေးဆွဲမည်

ရှုခင်းကြည့်အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာ ၂ဝ တွင် စတင်ပြေးဆွဲမည်

ဒီဇင်ဘာ ၁၇ 

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အထင်ကရနေရာ အချို့ကို လေယာဉ်ပေါ်မှ ကြည့်ရှုနိုင်ရန် ပျံသန်းမည့်  ဝေဟင်မှ ရှုခင်းကြည့်အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ပထမဆုံးအကြိမ် စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ နိုင်ငံမှာသာ ခေတ်မစားသေးတာ။ အခြားနိုင်ငံတွေမှာဆိုရင် ဒီလိုလေယာဉ်ပျံနဲ့ ကောင်းကင်ကနေ ရှုခင်းကို ခံစားတဲ့ အတွေ့အကြုံကို အများကြီးယူကြတာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဒါပထမဆုံးဆောင်ရွက်တာပါ။ လက်မှတ်ရောင်းပြီးတော့ ဝေဟင်ကနေ ဒီလိုလုပ်တဲ့ ခရီးစဉ်မျိုးကတော့ တစ်ခါမှ မရှိခဲ့ဖူးသေးဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကို အကောင်အထည်ဖော်ရတာဖြစ်ပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

အဆိုပါ  ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ  ATR 72 အမျိုးအစားလေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒီဇင်ဘာ ၂၀ နံနက် ၉ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထီးရိုးဘုရားနှင့် ဘားအံမြို့အလှရှုခင်းကို အနိမ့်ပျံသန်းမှုဖြင့် ခံစားကြည့်ရှုနိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

 “Non Landing Sightseeing Flight ပေါ့နော်။ ရန်ကုန်လေဆိပ်ကနေ စထွက်မယ်။ ပြီးတော့ ကျိုက်ထီးရိုးဘုရားကို ဝေဟင်ကနေပဲ လှည့်ပတ်ပြီးတော့ ဖူးမယ်။ ရှုခင်းတွေကြည့်ပြီးရင် ဘားအံကို ဆက်ပါမယ်။ ဘားအံမှာ ဇွဲကပင်တောင်နဲ့ ပတ်သက်တဲ့ ရှုခင်းတွေ ကြည့်မယ်။ ပြီးရင် သံလွင်မြစ်ပေါ်ကနေဖြတ်ပြီးတော့ ရှုခင်းကြည့်ပြီးတော့ ရန်ကုန်ကို ပြန်လာမယ့် ခရီးစဉ်ပါ” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

တစ်နာရီခွဲခန့်ကြာမြင့်မည့် ခရီးစဉ်ပြီးဆုံးပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ဆင်းသက်မည်ဖြစ်သောကြောင့် ကွာရန်တင်းဝင်ရန်မလိုအပ်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအရ ၇၂ ဦးဆံ့လေယာဉ်တွင် ခရီးသည်ဦးရေ ၅၀ကျော်အတွက်သာ လက်မှတ်ရောင်းချသွားမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ထိုင်ခုံနေရာ အပေါ်မူတည်၍ ကျပ် ၆၀၀၀၀ နှင့် ကျပ် ၉၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို လိုက်ပါစီးနင်းလိုသူများအနေဖြင့် ၃၆ နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်းထောက်ခံစာပါရှိရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ဆိုင်းနေရသည့် မြန်မာ့ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flight Tour) အပြင် အပျော်စီးမြစ်တွင်းခရီးစဉ် (Yangon River Cruise Tour) ကိုလည်း မကြာမီပြေးဆွဲသွားမည်ဖြစ်ပြီး လက်မှတ်များကို ခရစ္စမတ်နေ့မတိုင်မီရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly