သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ကြိုးစားနေကြတဲ့ အင်ဒိုနီးရှားအမျိုးသမီးများ  

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ကြိုးစားနေကြတဲ့ အင်ဒိုနီးရှားအမျိုးသမီးများ  
Photo: AFP

ဒီဇင်ဘာ ၁၇  

အင်ဒိုနီးရှားနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်မှုတွေနဲ့ သဘာဝသစ်တောပြုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ဆိုတဲ့ရည်ရွယ်နဲ့  ဒေသခံအမျိုးသမီးတစ်စုက လှုပ်ရှားဆောင်ရွက်လျက်ရှိပါတယ်။ 

သူတို့ဟာ ဆူမားတြားကျားတွေ၊ သင်းခွေချပ်တွေနဲ့ တခြား တောရိုင်းတိရစ္ဆာန်တွေကို ခြိမ်းခြောက်နေတဲ့ မုဆိုးတွေနဲ့ တရားမဝင်သစ်ခုတ်သမားတွေကို စောင့်ကြည့်အရေးယူမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။  

တရားခံတွေဟာ အနီးအနားဒေသကလူတွေအပါအဝင် အများစုက အမျိုးသားတွေဖြစ်ပြီး ဒီအဖွဲ့ထဲမှာပါဝင်တဲ့ အမျိုးသမီးတွေရဲ့အိမ်သားတွေတောင် ပါနေတတ်ပါတယ်။  

အသက် ၄၅ နှစ်အရွယ် ကလေးငါးယောက်အမေဖြစ်တဲ့ ဆူမီနီက အဖွဲ့ဝင် ၃၀ ပါတဲ့ အမျိုးသမီးအဖွဲ့ကို ဦးဆောင်တာဖြစ်ပါတယ်။ သူတို့ဟာ ဆူမားတြားကျွန်းမြောက်ပိုင်းက ဒါမာရန်ဘာရူရွာမှာ နေထိုင်ကြတာဖြစ်ပါတယ်။ 

ဆူမီနီတို့အုပ်စုဟာ အစွန်းရောက်ရှေးရိုးစွဲ အာချေးပြည်နယ်ရဲ့ ကျား/မ ခွဲခြားဆက်ဆံတဲ့ သမားရိုးကျဓလေ့တွေကြားမှာ သူတို့ရဲ့မစ်ရှင်နဲ့အတူ ရုန်းကန်လှုပ်ရှားနေရတာဖြစ်ပါတယ်။ 

ဒေသတွင်း ကော်ဖီပင်စိုက်ပျိုးရေးအတွက် မြေရှင်းလင်းတာတွေနဲ့ တရားမဝင်သစ်ခုတ်မှုတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးနေတာတွေကို လျစ်လျူရှုနေကြတဲ့ အာဏာပိုင်တွေနဲ့လည်း အတိုက်အခံပြုလုပ်နေကြရတာပါ။  

ဒေသခံ ၁ ၀၀၀ ခန့်နေတဲ့ ဒါမာရန်ဘာရူရွာမှာ  ရုတ်တရက်ရေကြီးမှုဖြစ်ခဲ့ပြီး အိမ်ခြေ ဒါဇင်ခန့်ပျက်စီးပြီးခဲ့တဲ့နောက် ၂၀၁၅ ခုနှစ်ကစပြီး ဆူမီနီက ဒီအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ 

ဆူမီနီဟာ ရေတွေထဲမှာ သစ်တွေနဲ့ အမှိုက်သရိုက်တွေရောပြီး ပါနေတာကိုတွေ့ရလို့ တောထဲသွားကြည့်တဲ့အခါ သစ်တွေအခုတ်ခံရပြီး တောတွေပြုန်းတီးနေတာတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဆီကလည်း အကူအညီမရတဲ့အတွက် အဲဒီအချိန်ကစပြီး သစ်တောကိုကာကွယ်ဖို့ တတ်နိုင်သလောက်လုပ်ခဲ့တာဖြစ်ပါတယ်။  

အဖွဲ့ခေါင်းဆောင် ဆူမီနီက “ ဒီရွာက အမျိုးသမီးအများစုက တောင်သူတွေဖြစ်ပါတယ်။ နှစ်စဉ်ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကျွန်မတို့လယ်ယာမြေတွေ ပျက်စီးသွားတာကို မမြင်ချင်ပါဘူး။ အာဏာပိုင်တွေကို အကျိုးအကြောင်းပြောပြပေမယ့် ဘာတုန့်ပြန်မှုမှမရခဲ့ဘဲ ကျွန်မတို့က လုပ်ကြံပြောတယ်လို့ပဲ သူတို့က ထင်နေကြတယ်။ ဒါနဲ့ ကျွန်မတို့ အမျိုးသမီးတွေမှမလုပ်ရင် ဒီကိစ္စ ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူးဆိုပြီး အဖွဲ့,ဖွဲ့ဖြစ်ခဲ့တာပါ။ ဒါမှ အစိုးရအနေနဲ့လည်း ပိုပြီး အာရုံစိုက်လာမှာပါ” လို့ပြောပါတယ်။  

ဆူမီနီတို့အမျိုးသမီးအုပ်စုဟာ တစ်ကြိမ်ကို ငါးရက်နှုန်းနဲ့ တစ်လနှစ်ကြိမ်တောင်တက်ကြပြီး သစ်ခုတ် အမဲလိုက်တဲ့ အရိပ်အယောင်တွေကို ရှာဖွေခြင်း၊ တိရစ္ဆာန်ထောင်ချောက်တွေကို ဖယ်ခြင်း၊ တွေ့ရတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ အပင်မျိုးစိတ်တွေကို မှတ်တမ်းတင်ခြင်းနဲ့ တရားမဝင်လှုပ်ရှားမှုတွေအတွက် သတိပေးဆိုင်းဘုတ်တွေကပ်ခြင်း စတာတွေလုပ်ဆောင်ပြီး အစိုးရအာဏာပိုင်တွေကို တင်ပြကြပါတယ်။  

သစ်တောပြုန်းတီးမှုသက်သေသာဓကတွေကိုလည်းခြေရာခံပြီး စေတနာ့ဝန်ထမ်းထမ်းတွေရဲ့အကူအညီနဲ့ အပင်ထောင်ပေါင်းများစွာ ပြန်စိုက်ခဲ့ကြပါတယ်။  

အခုတော့ ဆူမီနီတို့အဖွဲ့မှာ အရင်က အမဲလိုက်ဖူးသူတွေနဲ့သစ်ခုတ်သမားတချို့လည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လာပြီလို့ ဆိုပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly