ဂျာနယ်လစ် တစ်ဦး၏ NCA အပေါ် သုံးသပ်ကြည့်ခြင်း

ဂျာနယ်လစ် တစ်ဦး၏ NCA အပေါ် သုံးသပ်ကြည့်ခြင်း
ပုံ - ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြ

ဒီဇင်ဘာ ၁၇

တိုင်းရင်းသား လူမျိုးစုများ အရေး ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာ ခဲ့သည်မှာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း သုံးလအကြာကနေ ယနေ့ ချိန်ထိ (နှစ်ပေါင်း ၇၀ ကျော်ကြာပြီး)ဖြစ်သည်။

အဆိုပါ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရ အဆက်ဆက် ကိုင် တွယ် ဖြေရှင်းခဲ့သော်လည်း ယနေ့ ၂၁ ရာစု ခေတ်ထိပင် မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေသည်။ သို့သော် သမ္မတ ဦးသိန်းစိန် (ငြိမ်း) အစိုးရလက်ထက်မှာတော့ မတူညီသော ချဉ်းကပ်မှုဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကာ ဆွေးနွေးခဲ့သည်။

ယခင်က လက်နက်စွန့်၊ လက်နက်ချ ငြိမ်းချမ်းရေးကို ဖော်ဆောင်၍ ဖြေရှင်းခဲ့သော်လည်း ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ လက်နက်များ ကိုင်ထားပြီး စစ်ပွဲများ ရပ်ဆိုင်းကာ ငြိမ်းချမ်းရေး ဆွေးနွေးကြမည်ဆိုသော အခင်းအကျင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာ ချုပ် (NCA)ကို ဖော်ဆောင်ခဲ့ကြသည်။

NCA ကို စတင် အကောင်အထည် ဖော်ခဲ့ခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs)ဘက်က ဖြစ်ပြီး အစိုးရ- တပ်မတော်- လွှတ်တော်ဘက်မှ EAOs များ၏ အဆိုပြုချက်အပေါ်မှာ လက်ခံ ဆွေးနွေးခဲ့ကြရာကနေ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ NCA စာချုပ်မူကြမ်း လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်ဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တို့ လက်မှတ်ထိုးခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့က ထက်မံ လက်မှတ်ထိုးခဲ့ကြသည်။

 ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့(PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မြန်မာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MN DAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ နာဂ အမျိုး သား ဆိုရှယ်လစ်ကောင်စီ(NSCN-K)များကတော့ NCA ထိုးနိုင်ခြင်းမရှိသေးဘဲ ညှိနှိုင်းနေဆဲသာ ရှိသည်။

ဤကဲ့သို့ NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဟု၍ ဖြစ်နေ သော်လည်း ဂျာနယ်လစ် တစ်ဦးအနေဖြင့် NCA ထိုးထားသော အခြေအနေများအပေါ် လေ့လာ တွေ့ရှိ ချက်များကို သုံးသပ် တင်ဆက်ပေးပါမည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရ-တပ် မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ကြား NCA စာချုပ်ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော် လာခဲ့သည်မှာ ၅ နှစ်ကျော်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ NCA စာချုပ် ၅ နှစ်ကျော် အတွင်းမှာ NCA စာချုပ်သည် မည်ကဲ့သို့သော် အားနည်းချက်များ ရှိနေသလဲ၊ စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည် ဖော်နိုင်နေ သလားဆိုသည့် အခြေအနေကို ဂျာနယ်လစ် တစ်ဦး အနေဖြင့် လေ့လာကြည့်ရာ အောက်ပါအတိုင်း တွေ့ရှိရသည်။

ပုံ- ၂၀၁၅ ခုနှစ်၊မတ်လ ၃၁ ရက်က NCA စာချုပ် မူကြမ်း လက်မှတ်ရေးထိုးခဲ့ကြ

-NCA စာချုပ်တွင် အရပ်သားများကို မည်သို့ မကျူးလွန်ရဟု သဘောတူညီထားကြသော်လည်း လက်နက်ကိုင် အုပ်စုများအားလုံးသည် လိုက်နာမှုမရှိ/ စစ်ပွဲအတွင်းက ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း သို့မဟုတ် NCA စာချုပ်ပါ မကျူးလွန်ရဆိုသော အချက်များကို ကျူးလွန်ပါက အရေးယူနိုင်သည့် သီးသန့် ယန္တရား မတည်ဆောက်ထားနိုင် (တချို့က JMC ကို ညွန်း- တချို့က တည်ဆဲဥပဒေများကိုညွန်း သို့သော် လက်တွေ့မှာ ဖြေရှင်းနိုင်ပါသလား မေးခွန်းထုတ်စရာရှိ)။

-NCA စာချုပ်ပါ သဘောတူညီချက်များ အငြင်းပွားခြင်းနှင့် အကောင်အထည်ဖော်မှုများကြောင့် စစ်ရေး/ နိုင်ငံရေး အကျပ်အတည်း ဖြစ်သည့်အခါ အစိုးရဘက်က ဦးဆောင် ဖြေရှင်းနိုင်သည့် ယန္တရားကို တည် ဆောက်ထားနိုင်မှု အားနည်း (အရင် ဦးသိန်းစိန် လက်ထက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ-UPCC လို့ ယန္တရားတစ်ခု ဖွဲ့စည်းဖြေရှင်းလေ့ရှိ)၊ NLD အစိုးရက မတည်ဆောက်ထား။

-NCA စာချုပ်ပါ သဘောတူညီချက်များ ပျက်ပြားအောင်လုပ်သူ/ ချိုးဖောက်သူကို အရေးယူနိုင်သည့် အခြေ အနေကို မတည်ဆောက်ထားနိုင် (စစ်ဥပဒေများရှိပြီး ငြိမ်းချမ်းရေးထိန်းသိမ်းရေးဥပဒေမရှိ- မလိုအပ်ဘူးဟု မှတ်ယူထားလို့လား)၊ မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့အစည်း အလွန်များသည့်အတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကြားခံဥပဒေ တစ်ရပ် ပြဋ္ဌာန်းသင့်(တာဝန်ယူမှု တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာစွာ ဖော်ဆောင် မည်ဟုလည်း NCA မှာပြောထားသည့်အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းရေး ကြားခံဥပဒေ ရှိသင့်ဟုမြင်)။

- NCA စာချုပ် အခန်း(၃)ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အကောင်အထည် ဖော်မှုများ အားနည်းနေသလို အကောင်အထည် မဖော်နိုင်မှုများလည်း ရှိနေ။

-JMC ယန္တရားတွင် တိုက်ပွဲဖြစ်သည့်အခါ အရေးယူပိုင်ခွင့်နှင့် ကြားဝင် ဖြေရှင်းပိုင်ခွင့်မရှိဘဲ ဖြစ်စဉ်ကို တင်ပြ သည့် အခြေအနေ အဆင့်သာရှိ(ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ ဖွဲ့စည်းထားသည့် ဆက်ဆံရေး ရုံး၏ လုပ်ပိုင်ခွင့် အခွင့်အာဏာ လောက်တောင် မရှိဘဲ ဖြစ်နေ)။

-JMC ယန္တရားသည် စစ်ပွဲအတွင်း ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်း ဖော်ထုတ် အရေးယူပိုင်ခွင့်မရှိဘဲ တင်ပြခွင့်သာရှိ/ သတင်းအချက်အလတ်များကို နားစွန့်-စုံစမ်းခြင်းဖြင့် ပြည်သူများ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုကို ကွင်းဆင်း စုံစမ်း ဖော်ထုတ်နိုင်သည့် အခင်းအကျင်း မတည်ဆောက်ထားဘဲ ချိုးဖောက်ခံရသည့် လူက လာရောက် တိုင်ကြားမှသာ အလုပ်လုပ်သည့် ယန္တရားမျိုးသာ တည်ဆောက်ထား/ လူ့အခွင့်အရေး ချိုးဖောက်ခံရ၍ လာရောက် တိုင်ကြားသည့် ပြည်သူများ၏ အသက်အာမခံချက်ကို တာဝန်ယူ ပေးနိုင်ခြေ အားနည်း (ဘာကြောင့်ဆို JMC မှာ တိုင်ကြားခံရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင် ရှိနေခြင်းကြောင့် ဘယ်သူ လာတိုင်သွားသည်ကို ထိုလက်နက်ကိုင်အဖွဲ့က သိမည်ဖြစ်၍ တိုင်ကြားသူ၏ အသက် အာမခံချက်နှင့် ဘဝလုံခြုံရေး မည်သို့ အာမခံပေးထားလဲ မေးခွန်းထုတ်စရာဖြစ်နေ)။

ပုံ - ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ NCA လက်မှတ်ထိုးကြ(ပုံ- အတိုင်ပင်ခံရုံး)

-NCA စာချုပ်ပါ သဘောတူညီချက်များနှင့် JMC ယန္တရား၏ သဘောသဘာဝများအပေါ် ပြည်သူလူထု သိရှိမှု အားနည်းနေခြင်း/ ပြည်သူလူထု သိရှိအောင် ဆောင်ရွက်နိုင်မှု အားနည်းနေခြင်း။

-JMC ယန္တရားကို တချို့ ဒေသများတွင် ဖွဲ့စည်းခွင့်မရဘဲ ဖြစ်နေခြင်း( CNF နှင့် ALP လှုပ်ရှားနေကြသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းမှာ JMC-S မဖွဲ့ထား)။ တချို့ကတော့ လက်နက်ကိုင် ပဋိပက္ခမရှိ၍ ဖွဲ့စရာမလိုဘူးဟုဆိုကြသည်။ (လက်နက်ကိုင် ပဋိပက္ခမရှိပေမယ့် ထိုဒေသ အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင် ထားသူများက ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အနိုင်ကျင့်မှုများ ပြုလုပ် လျက်ရှိ JMC-S မရှိတော့ မည်သူက တာဝန်ခံ ဖြေရှင်းမည်နည်း မေးခွန်းထုတ်စရာ ဖြစ်နေ)။

- ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S)မှာ တချို့ လက်နက်ကိုင်များက သူတို့လှုပ်ရှားရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွဲ့စည်းထားသော JMC-S များတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရရှိနေပြီး တချို့လက်နက်ကိုင်အဖွဲ့များက သူတို့လှုပ်ရှားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့ စည်း ထားသော JMC-S များ၌ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်မရပဲဖြစ်နေ(ဥပမာ-မွန်ပြည်သစ်ပါတီ-NMSP ဆို ရင် မွန်ပြည်နယ် JMC-S မှာပဲ ကိုယ်စားလှယ် ပါခွင့်ရပြီး ကရင်ပြည်နယ်နှင့် တနင်္လာရီတိုင်းဒေသကြီးတို့ဘက် မှာ ဖွဲ့စည်းထားသည့် JMC-S မှာ ပါဝင်ခွင့်မရ/ ကရင်အမျိုးသားအစည်းအရုံး-KNU ကတော့ ကရင်ပြည်နယ် အပါအဝင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီးတို့မှာ ဖွဲ့စည်းထားသည့် JMC-S များမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရနေ။)

-JMC ၏ လုပ်ငန်းလမ်းညွှန် တချို့ကြောင့် ပြည်နယ်အဆင့် JMC-S အစည်းအဝေးများ မကျင်းပနိုင်ဘဲ ဖြစ်လေ့ ရှိ (ဥပမာ- RCSS က JMC အစည်းအဝေးများ တက်ရောက်မှု ယာယီရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ က ကြေညာခဲ့တော့ ရှမ်းပြည်နယ်အဆင့် JMC-S အစည်းအဝေးများ တစ်လတစ်ကြိမ် ကျင်းပရန် သတ်မှတ် ထားသည့်တိုင် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့သည်)။

ပုံ - NCA စာချုပ် (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား

-ပြည်နယ်အဆင့် JMC-S အစည်းအဝေးကို လက်နက်ကိုင် အစုအဖွဲ့တစ်ခုက မတက်ရောက်ရန် ဆုံးဖြတ်ပါက အစည်းအဝေး မကျင်းပနိုင်မှု ဖြစ်သလို ထိုမတက်ရောက်သည့် လက်နက်ကိုင်အဖွဲ့နှင့် တခြား လက်နက်ကိုင် အစုအဖွဲ့ကြား တိုက်ပွဲဖြစ်သည့်အခါ JMC-S အပြင် ဖြေရှင်းနိုင်သည့် ယန္တရားအသစ်တစ်ခု မရှိဘဲဖြစ်နေ(ဥပမာ RCSS နှင့် PNLO တို့ တိုက်ပွဲဖြစ်တော့ RCSS က JMC အစည်းအဝေးများ မတက်ရောက်ဘူးဟု အစောက တည်းက ကြေညာထားတော့ ရှမ်းပြည်နယ် JMC-S အစည်းအဝေးကလည်း ထိုတိုက်ပွဲအပေါ် ဖြေရှင်းပေးနိုင် မှု မရှိတော့ဘူး/နောက်တစ်ခုက RCSS-PNLO တိုက်ပွဲကြား ပြည်သူလူထု ထိခိုက်နစ်နာမှုများ- နေအိမ်များ မီးရှို့ ခံရတော့ ရှမ်းပြည်နယ် JMC-S ကို တိုင်ကြားတာမှာ အစည်းအဝေး မကျင်းပနိုင်သည့်အတွက် ဖြေရှင်းပေး နိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်)

-အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို မည်သည့် နေရာမှာသာ ကျင်းပရမည်ဆိုသော တိကျ သေချာ သည့် သတ်မှတ်ပြဋ္ဌာန်းချက် မပါဝင်သည့်အခါမှာ အငြင်းပွားမှုများ ဖြစ်ကြသည်။ ထိုသို့ အငြင်းပွားမှုများကြောင့် RCSS အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(လူမျိုးအလိုက်)ကို ယနေ့ချိန်ထိ မကျင်းပနိုင်ဘဲ ဖြစ်နေ သည်။ အလားတူ ALP အနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်းမှာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (လူမျိုး အလိုက်)ကို ကျင်းပနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

-NCA စာချုပ် အခန်း(၆)ပါ ကြားကာလ အစီအစဉ်များ(ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ)ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ် ပြဋ္ဌာန်းပေးထားသော်လည်း ယနေ့ချိန်ထိ အကောင်အထည် မဖော်နိုင်သေးပေ။

-NCA စာချုပ်တွင် နယ်မြေ အငြင်းပွားမှုနှင့် စစ်ရေး ပဋိပက္ခကို ရှောင်လွဲနိုင်ရန်အတွက် အောက်ခြေ တပ်မှူးများ အချင်းချင်း တွေ့ဆုံရမည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင်မူ တပ်မတော်နှင့် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များကြားရှိ အောက်ခြေတပ်မှူးများ တွေ့ဆုံနိုင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။ 

-NCA စာချုပ်တွင် အပစ်ရပ်နယ်မြေဟု ပြောထားသော်လည်း မည်သည့် ဒေသသည် အပစ်ရပ်နယ်မြေ ဖြစ် ကြောင်း တိကျ သေချာစွာ သတ်မှတ် ပြဋ္ဌာန်းထားမှု မရှိသည့်အတွက် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ အချင်းချင်းသော်လည်းကောင်း(ဥပမာ- မွန်ပြည်သစ်ပါတီ-NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU ကြားတိုက်ပွဲ)၊ တပ်မတော်နှင့် NCA ထိုးထားသည့် အဖွဲ့များကြားတွင် လည်းကောင်း(ဥပမာ-တပ်မတော်နှင့် RCSS ကြား၊ တပ်မတော်နှင့် KNU တပ်မဟာ-၅ ကြားတိုက်ပွဲ)တိုက်ပွဲများ ဖြစ်ပွားကြသည်။

ပုံ - ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး အခမ်းအနား ကျင်းပနေစဉ်(ပုံ-အတိုင်ပင်ခံရုံး)

-NCA စာချုပ်တွင် စီမံကိန်း တစ်ခု လုပ်မည်ဆိုလျှင် ထိုစီမံကိန်းလုပ်မည့် ဒေသတွင်းတွင် လှုပ်ရှားနေသည့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များနှင့် အရင်ညှိနှိုင်း သဘောတူညီချက် ရယူပြီးမှ ဆောင်ရွက်ရမည်ဟု ဆို ထားသည့်တိုင် လွှတ်တော်က ဘတ်ဂျက်ချ အတည်ပြုပေးလိုက်သည့်အခါ လွှတ်တော်က မိမိဘာသာ စီမံကိန်း များကို အကောင်အထည်ဖော်ရာမှ အငြင်းပွားမှုဖြစ်ကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားကြရသည်။ (ဥပမာ - ကရင်ပြည်နယ်ဘက်တွင် တပ်မတော်နှင့် KNU ကြား ဖြစ်ပွားမှုများ)၊ ထိုအခြေအနေသည် NCA စာချုပ်ကို လွှတ်တော်က လွှမ်းမိုးထားသလား- လွှမ်းမိုးနိုင်ခွင့်ရှိသလား မေးခွန်းထုတ်စရာ ရှိလာသလို လွှတ်တော်နှင့် NCA စာချုပ်ကြား အချိတ်အဆက် မမိဘဲ ဖြစ်နေသလား မေးခွန်းများ ဖြစ်လာသည်)

-NCA စာချုပ် နိဒါန်းတွင် ဤတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ကြသော ကျွနှ်ပ်တို့သည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီး အောင်မြင်သည်အထိ မပျက်မ ကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဋ္ဌာန်ပြုကြသည်ဟု ဆိုထားပါသည်။

ဤသို့ သဘောတူ ပြဋ္ဌာန်းထားသော်လည်း NCA ထိုးထားသည့် အစုအဖွဲ့များထဲက တရားဝင် အစည်းအဝေး များ မတက်ရောက်တော့ဘူးဟု ဆိုလာပါက NCA စာချုပ်သည် တရားမဝင် ပျက်ပြယ်သွားခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားလုံး ရပ်တန့်သွားမှုများရှိသည်ကို မည်သို့ ဖြေရှင်းမလဲဆိုသော ယန္တရားတစ်ခုကို တည် ဆောက်ထားမှု မရှိသည်ကို တွေ့ရသည်။ 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက NCA ထိုးထားသည့် KNU တရားဝင် ကျင်းပသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်းနှင့် RCSS က တရားဝင် ကျင်းပသော JMC အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း အသီးသီး ထုတ်ပြန် ကြေညာခဲ့သည့်အခါမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်စုံလည်း ရပ်တန့်သွားသလို မည်သည့် လုပ်ငန်းစဉ်မှ အကောင်အထည်မဖော် နိုင်ဘဲ ဖြစ်သွားခဲ့ရမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နောက်မဖြစ်အောင် မည်သို့ ဆောင်ရွက်မလဲဆိုသည်ကို စဉ်းစား အဖြေရှာထားရန် လိုအပ်ပေသည်။

အထက်ပါ အခြေအနေ အရပ်ရပ်များသည် NCA စာချုပ်နှင့် NCA စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည်ဖော်မှုကို သုံးသပ်ကြည့်ရာမှ တွေ့ရှိလာသော အကြောင်းတရားများ ဖြစ်ပါသည်။

ပုံ - (၉)ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနေကြစဉ်(ပုံ-NRPC)

ယခု တွေ့ရှိချက်များသည် ဂျာနယ်လစ် တစ်ဦး အနေဖြင့် ပြန်လည် သုံးသပ်ကာ တွေ့ရှိသော အခြေအနေများ ဖြစ်သည့်အတွက် အပြုသဘောဆောင် ရေးသား တင်ပြခြင်းသာ ဖြစ်ပြီး အပြစ်တင် ထောက်ပြခြင်း မဟုတ်ပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးသည် လွန်စွာ ခက်ခဲသော လုပ်ငန်း စဉ်တစ်ခုဖြစ်သည်ကို အားလုံး သိရှိနားလည်ကြပါသည်။

ဤကဲ့သို့ လွန်စွာ ခက်ခဲသော လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အဖက်ဖက်က ပြန်လည်သုံးသပ်ကာ လက်တွေ့နှင့် စာချုပ်ပါ အခြေအနေများကြားက ကွာဟမှုများကို ရှာဖွေဖော်ထုတ်ကာ အကောင်းဆုံး အခင်း အကျင်းကို ပြုပြင် ပြောင်းလဲနိုင်ရေး ကြိုးပမ်းရန် လိုအပ်ပါသည်။

ထို့ကြောင့် လူ့ဘောင် အဖွဲ့အစည်းများကြား ပေါင်ကူးတံတားအဖြစ် ရပ်တည်နေသော သတင်းမီဒီယာကဏ္ဍက ဂျာနယ်လစ် တစ်ဦးအနေဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် NCA စာချုပ်နှင့် NCA စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည်ဖော်မှုကို လေ့လာသုံးသပ် တင်ပြထားခြင်း ဖြစ်ပါသည်။

အဆိုပါ လေ့လာ သုံးသပ် တင်ပြထားသည့် အထက်ပါ အချက်များသည် ဂျာနယ်လစ် တစ်ဦး အနေဖြင့် နားလည် သဘောပေါက်ကာ တွေ့ရှိသည့် အခြေအနေကို တင်ပြထားခြင်း ဖြစ်သည့်အတွက် NCA စာချုပ် အကောင်အထည်ဖော်ရေး ဆွေးနွေးသည့် အစုအဖွဲ့၏ သဘောပေါက် နားလည်မှုများနှင့် တွေ့ရှိချက်များဖြင့် တော့ ကွဲလွဲနိုင်ခြေ ရှိနိုင်ပါသည်။

မည်သို့ပင်ဆိုစေ NCA စာချုပ်နှင့် NCA စာချုပ်ပါ သဘောတူညီချက်များ အားကောင်းစွာဖြင့် အကောင် အထည်ဖော် နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်မှုများကိုသာ ဆက်လက် စောင့်ကြည့်ရပေတော့မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags