ဂျပန်နိုင်ငံက အစိမ်းရောင်ရွှေ သို့မဟုတ် ဝါဆာဘိ စိုက်ပျိုးထုတ်လုပ်သူများ 

ဂျပန်နိုင်ငံက အစိမ်းရောင်ရွှေ သို့မဟုတ် ဝါဆာဘိ စိုက်ပျိုးထုတ်လုပ်သူများ 

 ဒီဇင်ဘာ ၁၆

သင်ဟာ ဆူရှီ စားဖူးထားတယ်ဆိုရင် သင်ဟာ ဝါဆာဘိကိုလည်း စမ်းကြည့်ထားပြီးပြီလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ ဒါက သဘာဝအလျောက် ဖြစ်ပေါ်တာမဟုတ်ဘဲ လူဖန်တီးထားတဲ့ ဗားရှင်းတစ်ခု ဖြစ်ပြီး ဂျပန် စိုက်ပျိုးသူတွေရဲ့ အဆိုအရ ယင်းက သူတို့ရဲ့ “အစိမ်းရောင်ရွှေ- ဈေးကွက်တန်ဖိုးမြင့်မားတဲ့ အပင်” နဲ့  လုံးလုံးလျားလျား မတူကွဲပြားတယ်လို့ သိရပါတယ်။ 

အမှန်တကယ်တမ်းမှာ သင်္ဘောဒန့်သလွန်ကနေ ထုတ်လုပ်ထားပြီး ဂျပန် အစားအစာတွေကို ကြိုက်နှစ်သက်သူ အများအပြား အကျွမ်းတဝင်ရှိတဲ့ အနံ့ အရသာစူးတဲ့ အရောအစပ်နဲ့ မတူဘဲ တကယ့် ဝါဆာဘိအစစ်ကတော့ အစိမ်းဖျော့ဖျော့ အရောင်ရှိပြီး အနည်းငယ် မြက်မြက်စက်စက် ရှိတဲ့ အနံ့အရသာတစ်ခုကို ပေးစွမ်းပါတယ်။ 

ဒါပေမယ့် ဂျပန်နိုင်ငံမှာတောင်မှ ယင်းက တွေ့နေမြင်နေကျ အစားအစာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဆိုပါ ဖုထစ်နေတဲ့ အမြစ်ဟာ စိုက်ပျိုးဖို့ တော်တော်လေး ခက်ခဲပြီး အဲဒါကြောင့်လည်းပဲ ဝယ်ယူဖို့ ဈေးကြီးသလို အများစုကိုတော့ လက်ကားရောင်းသူတွေက သိမ်းကျုံးဝယ်ယူကြပါတယ်။ 

“အရေးအကြီးဆုံး လိုအပ်တဲ့အရာက ခရစ္စတယ်လို ရှင်းလင်းကြည်လင်တဲ့ ရေ ပေါပေါများများ ရှိဖို့ ဖြစ်ပါတယ်” လို့ အသက် ၆၂ နှစ်ရှိ ယိုရှီဟီရို ရှီအိုယာက အေအက်ဖ်ပီကို ပြောပါတယ်။ ရှီဇူအိုကာ စီရင်စုရဲ့ အစ်ဇူကျွန်းဆွယ်မှာ ရှိတဲ့ ၎င်းရဲ့ စိမ်းလန်းစိုပြည်ပြီး တောင်နံဘေး စိုက်ခင်းမှာ ရွှဲနစ်နေတဲ့ မြေဆီလွှာထဲကနေ ဝါဆာဘိ အမြစ်တစ်ခုကို ယိုရှီဟီရိုက ဆွဲနုတ်လိုက်ရင်းနဲ့ ခုလို ပြောပြနေတာ ဖြစ်ပါတယ်။ 

“ရေရဲ့ အပူချိန်က တစ်နှစ်ပတ်လုံး ၁၀ နဲ့ ၁၅ ဒီဂရီ ဆဲလ်စိယပ်စ်အကြားမှာပဲ ရှိနေဖို့ အလွန် လိုအပ်ပါတယ်” လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ 

ယိုရှီဟီရို တို့ မိသားစုဟာ အဆိုပါ ဒေသမှာ မျိုးဆက် ခုနစ်ဆက်အထိ ဝါဆာဘိ ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ 

ဒီလို ဝါဆာဘိ စိုက်ပျိုးရာမှာ စိတ်ရှည်မှုက အလွန်ပဲ အရေးကြီးပါတယ်။ အထူး ဒီဇိုင်းထုတ် ဖန်တီးထားမှုအဖြစ် ရှိနေတဲ့ လူလုပ် လှေကားထစ် စိုက်ခင်းကြီးထဲမှာ ဝါဆာဘိ အပင်တစ်ပင်စီတိုင်းဟာ ကြီးထွားရင့်သန်ဖို့ အချိန်တစ်နှစ်ပတ်လုံး ဒါမှမဟုတ် ၁၈ လအထိ အချိန်ကြာမြင့်နိုင်ပါတယ်။ 

“ရေတွေက ဟို တောင်ထိပ်ပေါ်ကနေ စီးကျလာတယ်၊ အဲဒီ ကျလာတဲ့ ရေတွေကို သန့်စင်ကြည်လင်သွားစေဖို့အတွက် ကျောက်စရစ်ခဲတွေ၊ သဲတွေ ရှိတဲ့ အလွှာတွေနဲ့ စစ်ထုတ်သန့်စင်ရင်း ဖန်တီးတည်ဆောက်ထားတဲ့ လှေကားထစ် စိုက်ခင်းတွေ ရှိပါတယ်” လို့ အစ်ဇူ ရဲ့ စိုက်ပျိုးရေး အသင်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယူဆာအကီ ကိုဟာရီက ရှင်းပြပါတယ်။ 

ယင်းနောက် ထိပ်ပိုင်းမှာ အဝိုင်းပုံ အရွယ်စိမ်းတွေနဲ့အတူ အပင်ရဲ့ အမြစ်တွေ ရှည်လာပြီး ခူးဆွတ်ဖို့ အသင့်အနေအထား ရောက်လာတာနဲ့ အဲဒီဝါဆာဘိတွေကို လက်နဲ့ ခူးဆွတ်နုတ်ယူရပါတယ်။ အရွက်တွေကို ဖယ်ရှားပြီး rhizome ဟု သိကြတဲ့ အမြစ်ကိုတော့ ခြင်းတောင်းတွေနဲ့ သယ်ယူကြပါတယ်။ 

ယမန်နှစ်တုန်းက ဂျပန်မှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ လတ်ဆတ်တဲ့ ဝါဆာဘိ တန်ချိန် ၅၅၀ အနက် တစ်ဝက်ခန့်ဟာ မြို့တော် တိုကျိုရဲ့ အနောက်တောင်ဘက် ရှီဇူအိုကာကနေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ 

ဝါဆာဘိတွေဟာ အဲဒီနေရာမှာ သဘာဝအလျောက် စိုက်ပျိုးကြီးထွားပြီး ယင်းတို့ကို ရာစုနှစ်များစွာကြာ ပြည်တွင်း အစားအစာတွေမှာ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ 

ဂျပန်ကို စည်းလုံးညီညွတ်စေခဲ့သူတစ်ဦးဖြစ်ခဲ့တဲ့ စစ်အုပ်ချုပ်သူတစ်ဦးဖြစ်တဲ့ ၁၇ ရာစုခေတ် ရှိုဂန် လီယာဆု တိုကူဂါဝါက ဝါဆာဘိကို အထူးကြိုက်နှစ်သက်ခဲ့ပြီး ယင်းကို တွင်ကျယ်အောင် လုပ်ခဲ့တယ်လို့ ဒဏ္ဍာရီတွေမှာ အဆိုရှိပါတယ်။ 

ယနေ့ အချိန်အခါတွေမှာလည်း ယင်းကို တိုကျိုနဲ့ အိုဆာကာက ဈေးကြီးတဲ့ စားသောက်ဆိုင်တွေက အများဆုံး ဝယ်ယူတယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly