ဟိမဝန္တာဝက်ဝံ ၂ ကောင်ကို ဂျော်ဒန်သို့ပို့ပြီးနောက် အစ္စလာမာဘတ်တိရစ္ဆာန်ဥယျာဉ်ကို အပြီးပိတ်သိမ်း

ဟိမဝန္တာဝက်ဝံ ၂ ကောင်ကို ဂျော်ဒန်သို့ပို့ပြီးနောက် အစ္စလာမာဘတ်တိရစ္ဆာန်ဥယျာဉ်ကို အပြီးပိတ်သိမ်း
Photo: AFP

ဒီဇင်ဘာ ၁၇

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တော်ရဲ့ တစ်ခုတည်းသော တိရစ္ဆာန်ဥယျာဉ်ဟာ နောက်ဆုံးကျန်ရစ်တဲ့ ဝက်ဝံနှစ်ကောင်ကို ဂျော်ဒန်နိုင်ငံကို ပို့ဆောင်လိုက်ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ အပြီးပိတ်လိုက်ပြီဖြစ်ပါတယ်။ 

အဲဒီတိရစ္ဆာန်ရုံဟာ တစ်ချိန်က အထီးကျန်ဖြစ်နေတဲ့ ကားဗန်လို့အမည်ရတဲ့ ဆင်တစ်ကောင်အပေါ် စောင့်ရှောက်ပုံညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး  နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပါသေးတယ်။ 

အာရှဆင် ကားဗန်ကို ကမ္ဘောဒီးယား သဘာဝဥယျာဉ်ကို ပို့ဆောင်ပြီးနောက် သုံးပတ်နီးပါးအကြာမှာ ဘတ်ဘလူးနဲ့ ဆူဇီးလို့အမည်ရတဲ့ ဟိမဝန္တာဝက်ဝံ နှစ်ကောင်ဟာ တိရစ္ဆာန်ရုံကနေ နောက်ဆုံးထွက်ခွါသူတွေဖြစ်ပါတယ်။ 

“အစ္စလာမာဘတ်တိရစ္ဆာဥယျာဉ်ကို အများပြည်သူအတွက်ရော တာဝန်ရှိသူတွေအတွက်ပါ လုံးဝပိတ်လိုက်ပါပြီ။ ဝက်ဝံနှစ်ကောင်ကိုလည်း Four Paws International အဖွဲ့ရဲ့ အကူအညီနဲ့ ဂျော်ဒန်က ဘေးမဲ့တောထဲကို ပို့ဆောင်တော့မှာပါ” ဟု ပါကစ္စတန်ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Saleem Shaikh က ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆင်ထီး ကားဗန်ရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားလားမှုဟာ အစ္စလာမာဘတ်တိရစ္ဆာန်ဥယျာဉ်ရဲ့ ဆိုးရွားတဲ့အခြေအနေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါကြောင့် တိရစ္ဆာန်အားလုံးကို ရွှေ့ပြောင်းဖို့ မေလတုန်းက တရားသူကြီးတစ်ဦးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်ထိန်းသိမ်းရေးဝန်ထမ်းနှစ်ဦးက ကောက်ရိုးတွေကို မီးရှို့ပြီး ခြံထဲက ခြင်္သေ့တွေကို ထွက်လာအောင်ခြောက်လှန့်ရာမှာ ခြင်္သေ့နှစ်ကောင်နဲ့ ငှက်ကုလားအုတ်တစ်ကောင် သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။ 

တိရစ္ဆာန်မျိုးစိတ်ပေါင်းစုံထားရှိတဲ့ အစ္စလာမာဘတ်တိရစ္ဆာန်ဥယျာဉ်ဟာ ၁၀ ဟက်တာကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ရှိပြီး ၁၉၇၈ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ 

အခုအခါ အာဏာပိုင်တွေက အဲဒီနေရာကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာအဖြစ် ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ 

ပါကစ္စတန်နိုင်ငံမှာ တိရစ္ဆာန်ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေတွေမရှိတဲ့အပြင် နိုင်ငံတစ်ဝန်းက တိရစ္ဆာန်ဥယျာဉ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းတာကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ 

၂၀၁၈ ခုနှစ်တုန်းကလည်း နိုင်ငံအနောက်မြောက်ပိုင်း ပတ်ရှ်ဝါမြို့က တိရစ္ဆာန်ဥယျာဉ်အသစ်ဖွင့်ပြီး လပိုင်းအတွင်းမှာပဲ နှင်းကျားသစ်ပေါက် သုံးကောင်အပါအဝင် တိရစ္ဆာန်အကောင်ရေ ၃၀ ခန့် သေဆုံးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly