ကိုဗစ်-၁၉ ဇစ်မြစ်အား ဖော်ထုတ်ရန် WHO ဦးဆောင်သော အဖွဲ့ တရုတ်သို့ သွားရောက်မည် 

ကိုဗစ်-၁၉ ဇစ်မြစ်အား ဖော်ထုတ်ရန် WHO ဦးဆောင်သော အဖွဲ့ တရုတ်သို့ သွားရောက်မည် 

ဒီဇင်ဘာ ၁၇

ကိုဗစ်-၁၉ ကပ်ဘေးကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်၏ ဇစ်မြစ်ကို စစ်ဆေးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဦးဆောင်သော နိုင်ငံတကာမစ်ရှင်အဖွဲ့တစ်ရပ်က ဇန်နဝါရီ ပထမပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ဖြစ်မည်ဟု အဖွဲ့ဝင်တစ်ဦးနှင့် သံတမန်များက ရိုက်တာသို့ ပြောသည်။ 

ဗိုင်းရပ်စ်ကူးစက်မှုအတိုင်းအတာကို တရုတ်က ထိန်ချန်ခဲ့ခြင်း ရှိနေသည်ဟု စွပ်စွဲထားသော အမေရိကန်က WHO ဦးဆောင်သော စုံစမ်းစစ်ဆေးမှုက ပွင့်လင်းမြင်သာမှု ရှိရန် တိုက်တွန်းထားသည့်အပြင် WHO ၏ စည်းမျဉ်းသတ်မှတ်ချက်များက တရုတ်သိပ္ပံပညာရှင်များကို ဗိုင်းရပ်စ်၏ ကနဦးသုတေသန ပထမပိုင်းကို လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုပေးထားသည်ဟုလည်း ဝေဖန်သည်။ 

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃၁ ရက်၌ တရုတ်နိုင်ငံက WHO သို့ တင်ပြရာတွင် အလယ်ပိုင်း ဝူဟန်မြို့တွင် အကြောင်းရင်းခံ မသိရသော နမိုးနီးယားတစ်မျိုးအဖြစ် တင်ပြခဲ့ခြင်းဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်သစ် စတင်သည်ဟု ယူဆရသော ဈေးတစ်ဈေးကို ပိတ်ခဲ့သည်။ 

ဗိုင်းရပ်စ်၏ ဇစ်မြစ်နှင့် ယင်းက မျိုးဗီဇအတားအဆီးများကို မည်သို့ ကျော်ဖြတ်နိုင်သည်ကို စစ်ဆေးဖော်ထုတ်ရန် WHO အား ကျန်းမာရေးဝန်ကြီးများက မေလအတွင်း တွန်းတိုက်ပြောဆိုခဲ့ကြသည်။ 

ယခုတွင် နိုင်ငံတကာ ပညာရှင် ၁၂ မှ ၁၅ ဦးကြား ပါဝင်မည့် အဖွဲ့တစ်ရပ်သည် တရုတ်သုတေသနပညာရှင်များ စုယူထားသည့် လူနှင့် တိရစ္ဆာန်တို့မှ နမူနာများအပါအဝင် သက်သေအချက်အလက်များကို စစ်ဆေးရေးအတွက် ဝူဟန်သို့ သွားရောက်ရန် နောက်ဆုံး၌ ပြင်ဆင်နေပြီဖြစ်သည်။ 

နှစ်သစ်ကူးပြီးစ၌ အဖွဲ့က ထွက်ခွာမည်ဖြစ်ကြောင်း၊ ဝူဟန်သို့ ရောက်စ ရောဂါခြေချုပ် နှစ်ပတ်ဝင်ရခြင်းအပါအဝင် သီတင်းခြောက်ပတ် ကြာမြင့်မည့် မစ်ရှင်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံမှ ပညာရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တီးဖစ်ရှာက ပြောသည်။ 

“အကိုးအကားပြုချက်တွေအရတော့ စမ်းသပ်စစ်ဆေးမှု ပထမအဆင့် ၁ ဟာ အခုမှာပဲ ပြီးပြီလို့ မှတ်ယူရပါမယ်။ ဝူဟန်ကို ရောက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့ တခုခုတော့ ထူးနိုင်ပါလိမ့်မယ်။ ဒီနောက်မှာတော့ ကျွန်မတို့ အဆင့် ၂ စစ်ဆေးမှုတွေကို လုပ်ဆောင်မှာပါ။”ဟု ၎င်းက ပြောသည်။ 

တရုတ်နိုင်ငံပိုင် မီဒီယာကမူ ဥရောပမှ တင်သွင်းသော အေးခဲအစားအစာ အထုတ်အပိုးများတွင် ဗိုင်းရပ်စ် တွေ့ရှိကြောင်းကို ကိုးကားလျက် ဝူဟန်တွင် ဗိုင်းရပ်စ် မတွေ့ရှိခင်ကတည်းက ပြည်ပ၌ ယင်းဗိုင်းရပ်စ်က ဖြစ်တည်နေခြင်းဖြစ်သည်ဟု ထောက်ပြပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly