ရောဂါအခံ မရှိသူ၊ ရောဂါမပြင်းထန်သူများကို နေအိမ်တွင် သီးခြားထားရန် ဆွေးနွေး  

ရောဂါအခံ မရှိသူ၊ ရောဂါမပြင်းထန်သူများကို နေအိမ်တွင် သီးခြားထားရန် ဆွေးနွေး  
Photo - EPA

ဒီဇင်ဘာ ၁၆၊ ၂၀၂၀  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထဲမှ ရောဂါအခံ မရှိသူများနှင့် ရောဂါ မပြင်းထန်သူများကို နေအိမ်တွင် သီးခြားထားရှိရန် ကျန်းမာရေးတာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်။  

ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန ၁၄ ခုတို့၏  စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံ ဆရာဝန်ကြီးများ အွန်လိုင်း အစည်းအဝေးတွင် ယခုကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။  

ထိုသို့ ရောဂါအခံ မရှိသူများနှင့် ရောဂါ မပြင်းထန်သူများကို နေအိမ်တွင် သီးခြားထားရှိခြင်း လုပ်ဆောင်သင့်ကြောင်း Community Fever Clinic Yangon Network မှ တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက ဆိုသည်။  

“ဒါကို ကျွန်တော်တို့ တောင်းဆိုတာ တော်တော်ကြာခဲ့ပြီ။ Home Q ပေါ်လစီ ချိန်းဖို့လေ။ ပေါ်လစီချိန်းဖို့က နှစ်ခုပေါ့နော်။ ကိုဗစ် positive အသက်လည်း ငယ်မယ်၊ ရောဂါအခံကလည်း မရှိဘူး၊ နောက်တစ်ခုက အနံ့ပဲပျောက်တယ်၊ ကိုဗစ်လက္ခဏာ မပြင်းထန်ဘူးဆိုရင်ပေါ့နော်၊ Home Q ပေါ်လစီနဲ့ အိမ်မှာနေ။ အိမ်မှာနေပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ကို တာဝန်ပေးမယ်။ အဲ့ဒီအိမ်ကနေ positive သမား အပြင်ထွက်လို့ မရဘူး။ ၁၁ ရက် သတ်မှတ်မလား၊ ၁၄ ရက် သတ်မှတ်မလား၊ သတ်မှတ်တဲ့ရက်အတွင်း နေမယ်။ နေပြီးတော့ စောင့်ကြည့်မယ်။ စောင့်ကြည့်ပြီးလို့ ရက်ပြည့်လို့ ရောဂါလက္ခဏာ ပျောက်ကင်းသွားရင် အပြင်ထွက်လို့ ရမယ်ပေါ့” ဟု ဒေါက်တာ ကျော်မင်းထွန်းက ပြောသည်။   

ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ဆေးရုံ သို့မဟုတ် ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခု ထားရှိပြီးနောက် ၎င်းတို့၏ ရောဂါအခြေအနေ၊ အသက်အရွယ်၊ ရောဂါအခံ ရှိ၊ မရှိ အခြေအနေ၊ နေအိမ် အခြေအနေ၊ အတူနေ မိသားစုအရေအတွက် အနည်း အများ၊ သီးခြားအခန်းတွင် ခွဲကာ နေထိုင်နိုင်မှု အခြေအနေ စသည့်အချက်များအပေါ် မူတည်၍ နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန်နှင့် ၎င်းတို့အား Video call စနစ်ဖြင့် ပုံမှန် ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြုချက်များကို အသီးသီး ဆွေးနွေးခဲ့ကြသည်။    

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ထိုကိစ္စများအား ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ပါမောက္ခ ဆရာဝန်ကြီးများ ပူးပေါင်းဆွေးနွေးပြီး ကနဦး ရှေ့ပြေးစမ်းသပ်မှု (pilot) ပုံစံဖြင့် စတင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။  

ပိုးတွေ့လူနာများအား နေအိမ်တွင်ထားမည့်အစီအစဉ် အကောင်အထည် ဖော်ဖြစ်ခဲ့ပါက ပြည်သူများ အနေဖြင့် စည်းကမ်းတကျ သေချာလိုက်နာနိုင်မည်ဆိုလျှင် ကောင်းမွန်ကြောင်း ကိုဗစ်-၁၉ ကုသရေးဌာန (သုဝဏ္ဏ) မှ ဆေးရုံအုပ် ဒေါက်တာ ကောင်းမြတ်စိုးက ဆိုသည်။   

“သူတို့ ဆေးရုံဆေးခန်း မသွားရဘူး။ ရောဂါလက္ခဏာလည်း မရှိဘူး။ အိမ်မှာပဲ နေချင်တဲ့သူတွေလည်း ရှိတယ်။ သို့သော် positive ထွက်တယ်။ ဒါပေမယ့် ဘာရောဂါလက္ခဏာမှ မရှိဘူး။ ဆေးရုံ၊ ဆေးခန်းဆိုတာ အိမ်ထက်စာရင်တော့ အိမ်ကပိုပြီးတော့ ကောင်းတာပေါ့။ အိမ်မှာ နေချင်တဲ့သူရှိတယ်။ တချို့ကျတော့လည်း ဆေးရုံ၊ ဆေးခန်းကို သွားချင်တဲ့သူရှိတယ်။ ဘာလို့ဆို တချို့အိမ်တွေမှာက မိသားစုက တစ်ယောက်၊ နှစ်ယောက်တည်းနဲ့ မဟုတ်ဘဲနဲ့ မိသားစုအများကြီးနဲ့ အိမ်သေးသေးလေးမှာ နေရတာတွေ ရှိတယ်။ ဒီလိုမျိုး လုပ်ဖြစ်မယ်ဆိုရင် စည်းကမ်းချက်တွေ ထုတ်ရမှာပေါ့။ အဲဒီ စည်းကမ်းချက်တွေကို လိုက်နာမယ် ဆိုလို့ရှိရင်တော့ ကောင်းတယ်ပေါ့” ဟု ဒေါက်တာ ကောင်းမြတ်စိုးက ပြောသည်။   

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် စင်တာများတွင် လူနာအများအပြား စုပြုံသည့် ကိစ္စရပ်များ ဖြေရှင်းနိုင်ခြင်း၊ ကွာရန်တင်း စင်တာများတွင် လူထားရှိမှုများ လျော့နည်းသွားနိုင်သည့်အတွက် စေတနာ့ဝန်ထမ်းများ အနေဖြင့် ကူးစက်မှုလျှော့ချသွားနိုင်ခြင်း၊ နိုင်ငံတော်အတွက် စရိတ်များလည်း သက်သာသွားခြင်းများ ဖြစ်လာမည်ဟု Community Fever Clinic Yangon Network မှ တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက ဆိုသည်။  

ကိုဗစ်အတည်ပြု လူနာများထဲမှ ရောဂါ မပြင်းထန်သည့် လူနာတစ်ဦးလျှင် ကုသစရိတ် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ကြား ကုန်ကျကာ ရောဂါပြင်းထန်ပါက ၂၅ သိန်းမှ သိန်း ၅၀ ကြား ကုန်ကျကြောင်းနှင့် ကွာရန်တင်း ဝင်ရသည့် လူတစ်ဦးလျှင် ခြောက်သိန်းခန့် ကုန်ကျကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required