သီရိလင်္လာမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့ မွတ်စလင်တွေကို မီးသင်္ဂြိုလ်တာကြောင့် စိတ်ဆိုးဒေါသထွက် 

သီရိလင်္လာမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့ မွတ်စလင်တွေကို မီးသင်္ဂြိုလ်တာကြောင့် စိတ်ဆိုးဒေါသထွက် 
Photo - AFP

ဒီဇင်ဘာ ၁၆

သီရိလင်္ကာမှာ ကလေးငယ်တစ်ဦးအပါအဝင် ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့ မွတ်စလင် ၁၅ ဦးကို မိသားစုဆန္ဒနဲ့ ဆန့်ကျင်ကာ အစ္စလာမ်အသုဘချတဲ့ ထုံးစံဓလေ့တွေကို ချိုးဖောက်ပြီး မီးသင်္ဂြိုလ်ခဲ့တဲ့အတွက် စိတ်ဆိုးဒေါသထွက်ကြပါတယ်။ 

ဗုဒ္ဓဘာသာအများစု သီရိလင်္ကာက ကျန်းမာရေးအာဏာပိုင်တွေဟာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အားလုံးကို မီးသင်္ဂြိုလ်ဖို့ မဖြစ်အနေ မူဝါဒချမှတ်ထားတာပါ။ မွတ်စလင်တွေအနေနဲ့ သေဆုံးရင် မက္ကာကို မျက်နှာမူပြီး မြေမြုပ်သင်္ဂြိုလ်ရတဲ့ အစဉ်အလာရှိတာပဲ ဖြစ်ပါတယ်။ 

ခုအရေးကို ဒေသတွင်းအပြင် နိုင်ငံတကာမှာ ကန့်ကွက်တာတွေ ရှိလာပြီး သေဆုံးမွတ်စလင်တွေကို မြေမြုပ်သင်္ဂြိုလ်စေဖို့ အိမ်နီးချင်း မော်လ်ဒိုက်နိုင်ငံက သီရိလင်္ကာဆီ မေတ္တာရပ်ခံသွားဖို့ စဉ်းစားသုံးသပ်လျက် ရှိနေပါတယ်။ 

ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့ သီရိလင်္ကာက မွတ်စလင်တွေကို မော်လ်ဒိုက်နိုင်ငံကနေပြီး အစ္စလာမ်အသုဘထုံးစံနဲ့အညီ သင်္ဂြိုလ်ပေးနိုင်ရေးအတွက် သီရိလင်္ကာကို အကူအညီပေးဖို့ သမ္မတ အီဘရာဟမ်မိုဟာမတ်ဆိုလက်က သူ့ရဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အက်ဒူလာရှာဟိဒ်က တွစ်တာမှာ ရေးသားပါတယ်။ 

အခုလို မီးသင်္ဂြိုလ်ခိုင်းတဲ့ အမိန့်အတွက် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင် ၅၇ နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ပြသပြီး သီရိလင်္ကာက မွတ်စလင်တွေကို ဘာသာရေးယုံကြည်မှုအရ မြေမြုပ်သင်္ဂြိုလ်ခွင့်ပေးဖို့ တောင်းဆိုတိုက်တွန်းကြပါတယ်။ 

“အစ္စလာမ်အရ တားမြစ်ထားတဲ့ ခုလို မီးသင်္ဂြိုလ်ရတာကို ကန့်ကွက်ရင်း အစ္စလာမ္မစ်ယုံကြည်မှုအရ အသုဘချတဲ့ ဓလေ့ထုံးစံကို လိုက်နာဖို့ OIC အနေနဲ့ တိုက်တွန်းပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မြေမြုပ်တဲ့ ရုပ်အလောင်းတွေကနေ မြေအောက်ရေကတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာနိုင်တယ်ပြီး ဩဇာတက္ကိမကြီးမားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သတိပေးရာကနေ မီးသင်္ဂြိုလ်စေတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly