ဂျပန်မှာ လူ ၉ ဦးကို သတ်ခဲ့တဲ့ ‘တွစ်တာ လူသတ်သမား’  သေဒဏ် ချမှတ်ခံရ

ဂျပန်မှာ လူ ၉ ဦးကို သတ်ခဲ့တဲ့ ‘တွစ်တာ လူသတ်သမား’  သေဒဏ် ချမှတ်ခံရ
Photo - AFP

ဒီဇင်ဘာ ၁၅

အွန်လိုင်းပေါ်ကနေတစ်ဆင့် တွေ့ဆုံခဲ့တဲ့ လူကိုးဦးကို သတ်ဖြတ်၊ ခုတ်ထစ်ပိုင်းဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ‘တွစ်တာ လူသတ်သမား’ လို့ ခေါ်တဲ့ ဂျပန်အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၁၅ ရက်မှာ  တိုကျိုတရားရုံးတစ်ခုက သေဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အသက် ၃၀ နှစ်အရွယ် တာကာဟီရို ရှီရာအီရှီ ၎င်းရဲ့ သားကောင်ဖြစ်ခဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ၎င်းရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူတွေထဲမှာ တစ်ဦးပဲ အမျိုးသားဖြစ်ပြီး ကျန်တာတွေကတော့ ငယ်ရွယ်တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ 

ကိုယ့်ကိုယ့်ကိုယ် သတ်သေချင်စိတ်ဖြစ်နေကြောင်း ထုတ်ဖော်ခဲ့သူတွေကို တာကာဟီရိုက ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ကနေ ချိတ်ဆက် သွေးဆောင်ဖြားယောင်း တွေ့ဆုံပြီး လူသတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

တာကာဟီရိုရဲ့ သားကောင်ဖြစ်ခဲ့သူတွေဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ ၂၆ နှစ်အကြား အသက်အပိုင်းအခြား ရှိသူတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်ကြောင်း ထုတ်ဖော်ထားခဲ့ပြီး သူတို့ကို သတ်ဖို့ သဘောတူလိုက်လျောချက် ပေးခဲ့ပုံ ရတဲ့အတွက် တရားခံဖြစ်တဲ့ တာကာဟီရိုဟာ ထောင်ဒဏ်သာ ကျခံရသင့်တယ်လို့ ၎င်းရဲ့ ရှေ့နေတွေက စောဒကတက်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၁၅ ရက်မှာတော့ တာကာဟီရိုကို သေဒဏ်သာ ချမှတ်ခဲ့တယ်လို့ တရားရုံး တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

“အသတ်ခံရသူ အားလုံးဟာ သူတို့ကို သတ်ဖို့ သဘောတူခွင့်ပြုချက် မပေးခဲ့ပါဘူး” လို့ တရားသူကြီးက ပြောခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ NHK က ဖော်ပြပါတယ်။

“ငယ်ရွယ်တဲ့ လူကိုးဦးရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတာက အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်၊ အသတ်ခံရသူတွေရဲ့ ဂုဏ်သိက္ခာဟာ နင်း​ချေစော်ကားခံခဲ့ရပါတယ်” လို့ တရားသူကြီးက ပြောခဲ့တယ်လို့လည်း သိရပါတယ်။

တရားရုံးမှာ တက်ရောက်မယ့် ပရိသတ်တွေအတွက် ထိုင်ခုံနေရာ ၁၆ ခုသာ ဆံ့တယ်ဆိုပေမယ့် ဒီအမှု စီရင်ချက် ချတာကို စောင့်ကြည့်ဖို့ လူ ၄၃၅ ဦးအထိ ရောက်လာခဲ့ကြတယ်လို့ NHK က ဖော်ပြပါတယ်။

တာကာဟီရိုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်မိကြောင်း ထုတ်ဖော်တဲ့  အွန်လိုင်းအသုံးပြုသူတွေကို တွစ်တာပေါ်ကနေ ဆက်သွယ်ပြီး ၎င်းတို့ရဲ့ အစီအစဉ် အထမြောက်ဖို့ ကူညီပေးနိုင်ကြောင်းနဲ့ ယုတ်စွအဆုံး ၎င်းတို့နဲ့အတူ လိုက်ပြီး သတ်သေပေးမှာဖြစ်တယ်လို့ စည်းရုံးခဲ့တာ ဖြစ်ပါတယ်။

တာကာဟီရိုရဲ့ သားကောင်တစ်ဦးဖြစ်ခဲ့တဲ့ အသက် ၂၅ နှစ်ရှိ အမျိုးသမီးတစ်ဦးရဲ့ ဖခင်ဖြစ်သူက ၎င်းအနေနဲ့ ၎င်းဆုံးပါးခဲ့ရင်တောင်မှ တာကာဟီရိုကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လက တရားရုံးမှာ ပြောခဲ့တယ်လို့ NHK က ဖော်ပြခဲ့ပါတယ်။

“ခုချိန်အထိလည်း ကျွန်တော့် သမီးလေးအရွယ် အမျိုးသမီးတစ်ယောက်ကို တွေ့တဲ့အခါတိုင်း ကျွန်တော်ဟာ အဲဒီအမျိုးသမီးတစ်ယောက်ကို ရုတ်တရက် ကျွန်တော့်သမီးလေးထင်ပြီး လူချင်းမှားတာမျိုး ဖြစ်နေတုန်းပါပဲ၊ ဒီလို နာကျင်မှုက ဘယ်တော့မှ ပျောက်မှာ မဟုတ်ပါဘူး၊ ကျွန်တော့်သမီးလေးကို ကျွန်တော့်ဆီ ပြန်ခေါ်လာပေးပါလားဗျာ” လို့ ၎င်းက ပြောခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ သေဒဏ် ချမှတ်မှုကို ထိန်းသိမ်းစွဲကိုင်ထားတဲ့ အနည်းငယ်သာရှိတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲမှာ ပါဝင်ပြီး ယင်းအပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုဟာလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly