နိုင်ငံတကာသိပ္ပံပညာရှင်တွေအတွက် ဧရာမတယ်လီစကုပ်ကို တရုတ် ဖွင့်လှစ်မည် 

နိုင်ငံတကာသိပ္ပံပညာရှင်တွေအတွက် ဧရာမတယ်လီစကုပ်ကို တရုတ် ဖွင့်လှစ်မည် 
Photo: AFP

ဒီဇင်ဘာ ၁၅ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောင်ကုန်းတောင်တန်းတွေကြားထဲမှာ တည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်က သိပ္ပံဆိုင်ရာ သုတေသနတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်နေရာတစ်ခုအဖြစ် ရှိလိုတဲ့ ပေကျင်းရဲ့ ရည်မှန်းချက်တွေကို အချက်ပြလျက် ရှိပါတယ်။ 

ယခုလထဲ ပူအာတိုရီကို ရှိ အခြား တယ်လီစကုပ်တစ်ခု ပြိုလဲထိခိုက်ပျက်စီးခဲ့ပြီးနောက် တရုတ်တို့ရဲ့ မီတာ ၅၀၀ အပါချာ အလုံးပုံရှိ တယ်လီစကုပ် (FAST) ဟာ ယင်းအမျိုးအစားအတွက် တစ်ခုတည်းသော သိသာထင်ရှားမှုအဖြစ်ဆုံး တယ်လီစကုပ်အဖြစ် ရှိနေပါတယ်။ 

တရုတ်တို့ရဲ့ အဆိုပါ FAST ရေဒီယိုတယ်လီစကုပ်ကိုတော့ ပြည်ပက နက္ခတ္တဗေဒပညာရှင်တွေ အသုံးပြုဖို့အတွက် ဖွင့်လှစ်ပေးသွားတော့မှာ ဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်း သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှု အစွမ်းတွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်လျက် ရှိပါတယ်။ 

ပူအာတိုရီကို ရှိ အာရီစီဘို နက္ခတာရာ လေ့လာမှု အဆောက်အအုံရှိ ကမ္ဘာ့ ဒုတိယအကြီးဆုံး ရေဒီယို တယ်လီစကုပ်ကတော့ ယင်းရဲ့ ကြိုးဆိုင်းထားတဲ့ တန်ချိန် ၉၀၀ ရှိ receiver စင်မြင့်က လျော့ရဲမှု ဖြစ်ပြီး မီတာ ၁၄၀ ( ပေ ၄၅၀) ကို ထိုးကျပြီး အောက်မှာ ရှိတဲ့ ရေဒီယိုစလောင်းအပေါ် ကျသွားခဲ့ချိန် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ 

FAST ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ဖွံ့ဖြိုးရေး စင်တာက စစ်ဆေးရေးအရာရှိချုပ် ဝမ် ချီမင်းက ၎င်းဟာ အာရီစီဘို ကို သွားရောက် လေ့လာကြည့်ရှုထားခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြည်ပသတင်းမီဒီယာတွေ ရှားရှားပါးပါး လာရောက်တဲ့ ခရီးစဉ်အတွင်း အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ အဲဒီ ဖွဲ့စည်းတည်ဆောက်ပုံကနေ စိတ်ကူးဉာဏ်တွေ အများကြီး ရခဲ့ပါတယ်၊ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ တယ်လီစကုပ်ကို တည်ဆောက်ဖို့ တဖြည်းဖြည်းချင်းနဲ့ပဲ တိုးတက်ကောင်းမွန်အောင် လုပ်ထားခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။ 

ကွေ့ကျိုးပြည်နယ် ပင်တန်း ကောင်တီရှိ အဆိုပါ တရုတ်တို့ရဲ့ တယ်လီစကုပ်ဟာ အမေရိကန်ပိုင်ဆိုင်တဲ့ တယ်လီစကုပ်ထက် သုံးဆအထိ ပိုမို တုံ့ပြန်နိုင်ပြီး ယင်းကို မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပြူတာတွေကို ခွင့်မပြုထားတဲ့ ငါး ကီလိုမီတာ (သုံးမိုင်) ရေဒီယို ဆိတ်ငြိမ်ဇုန်တစ်ခုနဲ့ ဝိုင်းပတ်ထားပါတယ်။ 

FAST ရဲ့ တည်ဆောက်မှုလုပ်ငန်းတွေကို ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး ယင်းဟာ ယခုနှစ် ဇန်နဝါရီမှာ အပြည့်အဝ အသက်ဝင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ အဓိကအားဖြင့််တော့ ကြယ်မှုန်တွေအပါအဝင် အာကာသဗိမာန်ကနေ ထုတ်လွှတ်နေတဲ့ ရေဒီယိုအချက်ပြလှိုင်းတွေကို ဖမ်းယူဖို့အတွက် လုပ်ကိုင်နေပါတယ်။ 

မီတာ ၅၀၀ ရှိတဲ့ အဆိုပါ ဧရာမ ဂြိုဟ်တုစလောင်းဟာ အလွယ်တကူပဲ ကမ္ဘာ့အကြီးဆုံး ဖြစ်ခဲ့ပြီး ယင်းက ဘောလုံးကွင်း ၃၀ စာရဲ့ ဧရိယာပမာဏလောက် ရှိပါတယ်။ ယင်းကို တည်ဆောက်ရတဲ့ ကုန်ကျစရိတ်က ယွမ် ၁ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၁၇၅ သန်း) ရှိခဲ့သလို ယင်းအတွက် နေရာဖယ်ပေးဖို့ ရွာသားထောင်နဲ့ချီတို့လည်း နေရပ်တွေကို စွန့်ခွာပြောင်းရွှေ့ခဲ့ကြရပါတယ်။ 

တရုတ်ကတော့ နိုင်ငံခြားနည်းပညာအပေါ် မှီခိုမှု လျော့နည်းလာစေဖို့အတွက် ယင်းရဲ့ သိပ္ပံဆိုင်ရာ အရည်အချင်းအစွမ်းအစတွေကို အလျင်အမြန် မြှင့်တင်လုပ်ဆောင်ထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly