အစ္စရေးသံရုံးက ပလက်ဝရှိ စစ်ဘေးရှောင်များအတွက် ၁လစာစားနပ်ရိက္ခာထောက်ပံ့

အစ္စရေးသံရုံးက ပလက်ဝရှိ စစ်ဘေးရှောင်များအတွက် ၁လစာစားနပ်ရိက္ခာထောက်ပံ့
Photo - Htet Oo Linn

ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးက ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၁၀၀၀ကျော်အတွက် (၅၀ကီလိုဂရမ်)ပါ တစ်လစာ ဆန်အိတ် ၃၂၀ ထောက်ပံ့ခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးကဆိုသည်။

မြန်မာနိုင်ငံရှိအစ္စရေးသံရုံးသည် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရသော မိသားစုများ၏ အရေးပေါ်အစားအစာလိုအပ်ချက်များအတွက် ထောက်ပံ့ပေးနိုင်ရန်ဆန်ရိက္ခာများကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  ထံသို့ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor က''အဓိကအနေနဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကိုအရေးပေါ်လိုအပ်နေတဲ့ ပလက်ဝ‌‌ဒေသအတွက် ပူးပေါင်းကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ အစ္စ‌ရေးနိုင်ငံရဲ့ ကိုယ်စား၊ မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးအနေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် လိုအပ်ချက်ရှိတဲ့နေရာတွေမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ကြောင်း လေးလေးနက်နက်ပြောကြားလိုပါတယ်။” ဟုပြောသည်။

မြန်မာနိုင်ငံရှိအစ္စရေးသံရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်၏ တစိတ်တပိုင်းအနေဖြင့် သံရုံးသည် မြန်မာနိုင်ငံရှိလိုအပ်ချက်ရှိသော နေရာဒေသများတွင် ဆက်လက်ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Andersonက'' မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအတွက် အစ္စရေးသံရုံးဟာ WFP နဲ့အတူ အခုလို ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းပါဝင်လာတာကို WFP ရဲ့  ကိုယ်စား ကျွန်တော်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ငတ်မွတ်ခေါင်းပါးမှုဖြေရှင်းရေးလုပ်ငန်းတွေမှာ သံရုံးနဲ့အတူ ရှေ့ဆက် ပိုမိုနက်နက်ရှိုင်းရှိုင်း ပူးပေါင်းကူညီဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

Photo - Htet Oo Linn

မြန်မာနိုင်ငံရှိအစ္စရေးသံရုံးအနေဖြင့် COVID-19 ကူးစက်မြန်ရောဂါ ကျရောက်နေသည့်ကာလအတွင်း အစ္စရေးသံရုံးမှ  ရန်ကုန်ရှိ ဝေဘာဂီ ဆေးရုံ ၊ကရင်ပြည်နယ် ဘားအံ အထွေထွေရောဂါ ကုဆေးရုံနှင့် မြဝတီအထွေထွေရောဂါကု ဆေးရုံတွေကို ဆေးဝါးအထောက်အကူပစ္စည်းများ နှင့် NUF ရွှေ့ပြောင်းသယ်ဆောင်နိုင်သော ရေသန့်စင်စက်များ လှူဒါန်းခဲ့သည်။
မွန်ပြည်နယ် မော်လမြိုင်ရှိ Future Light Foundation  သို့ သင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်းနှင့် မြန်မာနိုင်ငံရှိMASHAV ကျောင်းသားဟောင်းများအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနည်းလမ်းသစ်တခုကို စတင်လုပ် ဆောင်ရန်အတွက် ငွေကြေးထောက်ပံ့မှုများလည်းရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း WFP က၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦး‌ရေ တစ်သန်းကျော်အတွက် WFP သည် စားနပ်ရိက္ခာနှင့်အာဟာရအထောက်အပံ့များကို ပေးအပ်လျက်ရှိပါသည်။  

ထို့အပြင်အသွားအလာကန့်သတ်ရေးစင်တာများနှင့် COVID-19 ကုသရေးစင်တာများတွင် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများနှင့် အခြား အသွားအလာကန့်သတ်၊ ကျန်းမာရေးစောင့်ရှောက်မှုခံ ယူနေကြသူများအတွက် စားနပ်ရိက္ခာများထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများ၊ လူသားချင်းစာနာမှုအကူအညီပေးရေးဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန်အတွက်လည်း ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးစဉ်များကိုလည်း စီစဉ်ပြေးဆွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly