Lockdown လွတ်သွားတဲ့ ဝူဟန်ပြည်သူတွေ ယန်ဇီမြစ်အတွင်း ရေပြန်ကူး 

Lockdown လွတ်သွားတဲ့ ဝူဟန်ပြည်သူတွေ ယန်ဇီမြစ်အတွင်း ရေပြန်ကူး 
Photo: AFP

ဒီဇင်ဘာ ၁၅ 

တရုတ်နိုင်ငံမှာ  ဆောင်းတွင်းအပူချိန် ၁၅ ဒီဂရီဆဲလ်စီယပ်စ် (၆၀ ဒီဂရီဖာရင်ဟိုက်) ရှိနေတဲ့အချိန်မှာတောင် ဝူဟန်မြို့က ကျန်းမာသန်စွမ်းတဲ့ အမျိုးသား အမျိုးသမီးတွေဟာ ယန်ဇီမြစ်အတွင်းမှာ ကူးခတ်ကာ ရေဆော့ကစားနေကြပါတယ်။ 

ဒီအစဉ်အလာဟာ မော်စီတုံးခေတ်မတိုင်ခင်က ရှိခဲ့ပေမယ့် တိမ်မြုပ်နေခဲ့ပါတယ်။ 

၁၉၆၆ ခုနှစ်မှာတော့ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သူ မော်စီတုံးက ကျန်းမာရေးကောင်းကြောင်းသက်သေပြဖို့  ဒီမြစ်ထဲမှာ ရေကူးပြခဲ့ရာကနေ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ 

ယန်ဇီမြစ်ဟာ ၆ ၃၀၀ ကီလိုမီတာ (မိုင် ၄ ၀၀၀) ခန့်ရှည်လျားပြီး တိဗက်ကနေ အရှေ့တရုတ်ပင်လယ်ဆီ စီးဆင်းနေတဲ့ ကမ္ဘာမှာ တတိယအရှည်ဆုံးမြစ်ဖြစ်ပါတယ်။ 

ယန်ဇီမြစ်နဲ့  မြစ်လက်တက်တစ်ခုဖြစ်တဲ့ ဟန်မြစ်တို့ဟာ ဝူဟန်မြို့ကို ဖြတ်သန်းစီးဆင်းနေပြီး မြို့ရဲ့အသက်သွေးကြော ရေလမ်းကြောင်းနှစ်ခုဖြစ်ပါတယ်။ 

Shen လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးက အသက် ၅၀ အထိ ရေမကူးတတ်ခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် မော်စီတုံးကြောင့် စိတ်အားထက်သန်မှုတွေရခဲ့ပြီး ကူးတတ်လာခဲ့တယ်လို့ဆိုပါတယ်။ 

ရှောင်က “ ခေါင်းဆောင်မော်စီတုံးက အသက် ၇၀ ကျော် အရွယ်မှာတောင် ယန်ဇီမြစ်ထဲမှာ ရေကူးနေခဲ့တာကို ကျွန်မတို့ မြင်တွေ့ခဲ့ရတယ်။ ဒါကြောင့် ကျွန်မတို့လည်း ခေါင်းဆောင်ကို အတုယူပြီး လှိုင်းကြီးတဲ့မြစ်ထဲမှာ ကူးဖို့ သင်ယူခဲ့ကြပါတယ်။ ကျွန်တို့ဟာ မြစ်နှစ်ခု ကမ်းခြေလေးခုနားနေတဲ့ ဒီမြို့ရဲ့ သား၊သမီးတွေပါ။ ယန်ဇီမြစ်လို ရေအရင်းအမြစ်ကောင်းကောင်းရှိနေတဲ့အတွက် ကျွန်မတို့တွေ ရေကူးကြရပါမယ်” လို့ဆိုပါတယ်။

ဒီယန်ဇီမြစ်ကမ်းပါးဟာ သီချင်းဆိုကခုန်သူတွေ၊ စွန်လွှတ်သူတွေ၊ ငါးဖမ်းသူနဲ့ စိတ်ကူးယဉ်ဆန်ဆန်လမ်းလျှောက်မှုတွေနဲ့အတူ အမြဲလိုလို စည်ကားနေခဲ့တာပါ။  

ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်က ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့လို့ ဒီလှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ဟာ  ဇန်နဝါရီလမှာ တင်းကျပ်တဲ့လော့ဒေါင်းချမှတ်ခံခဲ့ရပြီး ၇၆ ရက်အထိ ကြာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly