လူ့အခွင့်အရေး ကျူးလစ်ဆုကို KEAN မှ စောအယ်စေး ရရှိ 

ဒီဇင်ဘာလ ၁၄၊ ၂၀၂၀ 

ကယားပြည်နယ် လူ့အခွင့်အရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု ကွန်ရက် (Kayah Earthrights Action Network - KEAN) တာဝန်ခံ စောအယ်စေးကို နယ်သာလန်နိုင်ငံ သံရုံးက ၂၀၂၀ ပြည့်နှစ်၊ လူ့အခွင့်အရေးဆိုင်ရာ ကျူလစ် ဆု (Human Rights Tulip Award) အား ဒီဇင်ဘာ ၁၀ ရက်နေ့က ပေးအပ်ချီးမြှင့်ခဲ့သည်။ 

လူ့အခွင့်အရေးဆိုင်ရာ ကျူးလစ်ဆုသည် ထူးချွန်ကာ ရဲစွမ်းသတ္တိရှိသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများကို နယ်သာလန်အစိုးရက နှစ်စဉ် ချီးမြှင့်သော ဆုတစ်ခုလည်း ဖြစ်သည်။ 

လူ့အခွင့်အရေးဆိုင်ရာ ကျူးလစ်ဆုရရှိသူ စောအယ်စေးက “ဒီဆုကို သူတို့ ချီးမြှင့်တဲ့အပေါ်မှာတော့ ကျွန်တော် တစ်ယောက်အနေနဲ့ အဓိပ္ပာယ် များစွာရှိတဲ့ သက်ရောက်မှု တစ်ခုဖြစ်တယ်။ လူတစ်ဦး တစ်ယောက်ကိုပဲ ရည်ညွှန်းပြီးတော့ ပေးတာမဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကျော်သော အခြေခံလူတန်းစားတွေ၊ တောင်သူလယ်သမားတွေ၊ ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာကဏ္ဍကို အသိအမှတ်ပြုခြင်း တစ်ခုဖြစ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ ၁၀ စုနှစ် များစွာကြာခဲ့ပြီး ဒီအပေါ်မှာ အသိအမှတ်ပြုမှု မရှိတဲ့ အပေါ်မှာ ဒီဆုဟာ အသိအမှတ်ပြုခြင်း တစ်ခုဖြစ်တယ်လို ခံယူတယ်” ဟု ပြောသည်။ 

အဆိုပါဆုကို ကိုဗစ်ကပ်ရောဂါကြောင့် အွန်လိုင်းမှတစ်ဆင့် လက်ခံရယူထားပြီး ဆုအဖြစ်ရရှိမည့် ငွေသားကိစ္စကိုမူ အသေးစိတ် မသိရှိရသေးကြောင်း စောအယ်စေးက ဆိုသည်။ 

စောအယ်စေးက ဆက်လက်၍ “ဒီလိုဆု အသိအမှတ်ပြုခြင်းအားဖြင့် ဘာဖြစ်သလဲဆိုတော့ ကျွန်တော်တို့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အပေါ်မှာ တစ်ဖက်မှာ ခွန်အားရစေတယ်။ တစ်ဖက်မှာလည်း လုပ်ဆောင်စရာတွေ အများကြီးအတွက်ကို ဆက်လက်လုပ်ဖို့ ကျွန်တော်တို့ ထပ်ပြီးတော့ တာဝန်ပေးအပ်သလို ဖြစ်တယ်လို့ အဲဒီလိုပဲ ယူဆတယ်” ဟု ပြောသည်။ 

KEAN အဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ ဒေသခံများ လူ့အခွင့်အရေးနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လုပ်ငန်းများ လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 

ထို့အပြင် ဒေသခံပြည်သူ အများစု အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သဘာဝ ဝန်းကျင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အချက်အလက်များ ကောက်ယူခြင်း၊ ဒေသခံများနှင့် အတူတကွ ပူးပေါင်း၍ ဒေသခံများ၏ အခွင့်အရေး တိုးတက်ကောင်းမွန်စေရေးတို့ကို စည်းရုံးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ပေးကြောင်းလည်း သိရသည်။ 

Human Rights Tulip 2019 ဆုကို လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ (Synergy) မှ ကိုသက်ဆွေဝင်းနှင့် အမျိုးသမီးများ အဖွဲ့ချုပ် - မြန်မာနိုင်ငံ (WLB) တို့က ရရှိခဲ့ဖူးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly